A d v e r t i s e m e n t With Us

သတ်ဖြတ်ခံရသည့် တရုတ် ၃ သိန်းအမည်စာရင်း ယူနက်စကိုတွင် ထည့်သွင်း

ဒုတိယကမ္ဘာစစ် မဖြစ်ခင် တရုတ်နိုင်ငံ နန်ကျင်းဒေသကို ဖက်ဆစ်ဂျပန်တွေ ၀င်ရောက် သိမ်းပိုက်ခဲ့တုန်းက သတ်ဖြတ်ခံရတဲ့ တရုတ်နိုင်ငံသား ၃ သိန်းရဲ့ နာမည်စာရင်းကို ယူနက်စကို ထိန်းသိမ်း စောင့်ရှောက်ခံ သမိုင်းဝင်မှတ်တမ်းအထောက်များစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ အခုလို ယူနက်စကိုက မှတ်တမ်းတင်ထိန်းသိမ်းပေးမှုကို တရုတ်နိုင်ငံက ကြိုဆိုခဲ့ပြီး နှောင်မျိုးဆက်သစ် တွေအတွက် အမြဲအမှတ်ရ သင်ခန်းစာရယူရမယ့် သမိုင်းဝင်မှတ်တမ်းမှန်တွေဖြစ်တယ်လို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း နန်ကျင်းဒေသကို ဖက်ဆစ်ဂျပန် ကျုးကျော်သိမ်းပိုက်ခဲ့တဲ့ ၁၉၃၇ ဒီဇင်ဘာကနေ ၁၉၃၈ ဇန်န၀ါရီလ သီတင်းပတ် ၆ ပတ်အတွင်း နန်ကျင်းဒေသခံ ၃ သိန်း သတ်ဖြတ်ခံရတယ်လို့ တရုတ်နိုင်ငံက ဆိုပါတယ်။ တရုတ်သမိုင်းဝင်ပစ္စည်းထိန်းသိမ်းစောင့်ရှောက်ရေးဌာန အဆင့်မြင့်အာဏာပိုင် မာဒျန်ဒူးက အခုလို စစ်မှန်တဲ့ သမိုင်းဝင်မှတ်တမ်းကို ယူနက်စကိုက ထိန်းသိမ်း စောင့်ရှောက်ထားမှာ ဖြစ်တဲ့အတွက် ဒီခါးသီးတဲ့ သမိုင်းဝင်အတွေ့အကြုံတွေဟာ နှောင်အနာဂတ်ကောင်းမွန်တိုးတက်ရေးအတွက် အမြဲတမ်း ထင်ဟပ်နေစေမယ်လို့ ပြောဆိုပါတယ်။ အခုလို ယူနက်စကိုရဲ့ ထိန်းသိမ်းစောင့်ရှောက်စာရင်းထဲ ထည့်သွင်းခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၁၀ ရက်နေ့က နန်ကျင်းသတ်ဖြတ်မှု သမိုင်းဝင်ပြတိုက်ကို လာရောက်လည်ပတ်သူများပြားခဲ့ပါတယ်။ နန်ကျင်းသိပ္ဗံနဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသားတဦးက သမိုင်းဝင်ပြတိုက်မှာ ရေးသားထားတဲ့အတိုင်း သတ်ဖြတ်မှုကျူးလွန်သူတွေကို ခွင်လွှတ်နိုင်ပေမယ့် သူတို့ကျူးလွန်ခဲ့တဲ့သမိုင်းကိုတော့ မေ့ပျောက်လို့ မရနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up