အစ္စရေး-ပါလက်စတိုင်း အပြန်အလှန်ဓားထိုးမှုများကြောင့် လုံခြုံရေးတင်းကျပ် (ရုပ်သံ)

ပြီးခဲ့တဲ့ရက်တွေအတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းတွေ အပြန်အလှန်ဓားထိုးမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ များလာတာကြောင့် ဂျေရုစလင်နဲ့ ဂျေရုစလင်မြို့ဟောင်းမှာ အစ္စရေးလုံခြုံရေး အဆင့်တိုးမြှင့်လိုက်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့က ဂျေရုစလင်မြို့ဟောင်းက အယ်အစာ al-Aqsa ဗလီထဲ အသက် ၅၀ အောက် အမျိုးသားတွေ ၀င်ရောက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျေရုစလင်မြို့နဲ့ အစ္စရေးအသိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ ဓားထိုးမှု၊ သေနတ်ပစ်ပြေးမှုတွေဖြစ်ပွားခဲ့ပြီး အစ္စရေး ၄ ဦးသေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်း ၃ ဦးလည်း အစ္စရေးလုံခြုံရေးတွေရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး အစ္စရေးလုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုတွေမှာလည်း ပါလက်စတိုင်းတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။ မွတ်စလင်ဘာသာဝင်တွေရဲ့ တတိယဘာသာရေးအထွတ်အမြတ် အယ်အစာ ဗလီနဲ့ ဂျူးဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းတကျောင်းတို့ Temple Mount ဘုရားကျောင်းပရ၀ိုဏ်တခုတည်းမှာပဲ တည်ရှိတာပါ။ ဒါကြောင့် ပါလက်စတိုင်းတွေက သူတို့ရဲ့ဗလီကို ဂျူးဘာသာဝင်တွေက လွှမ်းမိုးသွားမှာကို စိုးရိမ်နေကြပြီး အ၀င်မခံလိုကြတာပါ။ ဒါကြောင့် ဘုရားကျောင်းဝင်းထဲ ပါလက်စတိုင်းတွေနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေအကြား မကြာခဏပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။ အောက်တိုဘာ ၈ ရက်နေ့က ဂျေရုစလင်မြို့ဟောင်း ဂိတ်တွေမှာ ဗုံးရှာဖွေရေးကိရိယာတွေကို တပ်ဆင်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင် ၃၅၀၀ ကျော်ကို ဂျေရုစလင်မြို့နဲ့ မြို့ဟောင်းမှာ တပ်စွဲထားလိုက်တယ်လို့ အစ္စရေးရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up