ရခိုင် နှင့် စစ်ကိုင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်
DVB
·
October 10, 2015
၂၀၁၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ အများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးပြတိုက်မှာ အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ ငှက်ဖျားရောဂါဆိုင်ရာ ဟောပြောပွဲမှာ အခုလို ပြောဆိုသွားခဲ့တာပါ။
ဖြစ်ပွားသူ အရေအတွက်ကတော့ ရခိုင်ပြည်နယ်မှာ ၃ သောင်း ၅ ထောင်ကျော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၃ သောင်း ၁ ထောင်ကျော် ဖြစ်ပါတယ်။
တနိုင်ငံလုံးဖြစ်ပွားသူ အရေအတွက်က ၁ သိန်း ၅ သောင်းကျော် ရှိပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၁၅ ခုနှစ် ငှက်ဖျားရောဂါဖြစ်ပွားမှု လျော့ချရေး ရည်မှန်းချက်ကိုတော့ ပြည့်မီတယ်လို့ သူကပြောပါတယ်။
အခုလို ငှက်ဖျားရောဂါဖြစ်ပွားသူအရေအတွက် လျော့နည်းလာပေမယ့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေရှိလာခဲ့ရင် ဆေးယဉ်ပါးငှက်ဖျားရောဂါကို ကာကွယ်နိုင်ဖို့ ဈေးကွက်အတွင်းက ငှက်ဖျားဆေးအတုတွေနဲ့ တလုံးတည်းသောက်ရတဲ့ ငှက်ဖျားဆေးတွေကို မသောက်သုံးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။