ဆီးရီးယား တောင်ပိုင်းတွင် မပေါက်ကွဲသေးသည့် ကလပ်စတာဗုံးများ လိုက်ဖြုတ်

ဓာတ်ပုံ - ရိုက်တာ
1.2K
မိုင်းရှင်းလင်းရေး အရပ်ဘက် ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံ တောင်ပိုင်း အိဒလစ်ဘ်မြို့စွန်က မာစရန်မြို့မှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ ကလပ်စတာဗုံးတွေကို လိုက်ဖြုတ်ဖို့ ကြိုးစားနေတာပါ။
ရုရှားလေတပ်က ဒီဗုံးတွေနဲ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု ကျောထောက်နောက်ခံနဲ့အတူ သူပုန်တွေရဲ့ တပ်စခန်းတွေကို မြေပြင်တိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။
ဒါဟာ အရင် သီတင်းပတ်က ရုရှားအစိုးရက ဆီးရီးယား ပြည်တွင်းစစ်ကို ဝင်စွက်ဖက်အပြီး ပထမဆုံး အကြီးစား ညှိနှိုင်းတိုက်ခိုက်မှုလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောပါတယ်။
ရုရှား လေကြောင်းတိုက်ခိုက်မှုတွေဟာ ဟားမားခရိုင် မြောက်ပိုင်း အိဒလစ်ဘ်ခရိုင် အနီးဝန်းကျင်တို့ကို ထိမှန်ခဲ့တာပါ။
ဆီးရီးယားနိုင်ငံ အနောက်ပိုင်းက အဓိကမြို့ကြီးတွေကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တောင် မြောက် အဝေးပြေးလမ်းမကြီးနဲ့ နီးတဲ့မြို့တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
ဆီးရီးယားသမ္မတ အာဆတ်ရဲ့ မဟာမိတ် ရုရှားဟာ ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတယ်လို့ ပြောရင်း ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ မြေပြင်က တိုက်ခိုက်ရေးသမားတွေကတော့ ရုရှားဟာ ဆီးရီးယား အနောက်ပိုင်းက တခြားသူပုန်အုပ်စုတွေကိုသာ အဓိက အာရုံစိုက်ခဲ့တယ်လို့ ပြောပါတယ်။
အိဒလစ်ဘ်ခရိုင်ရဲ့ နေရာအများစုကို အယ်လ်ကိုင်းဒါးတွေရဲ့ ဆီးရီးယားတပ်ဆွယ် နတ်စ်ရာတပ်ဦးနဲ့ တခြား အစ္စလာမ္မစ်အုပ်စုတွေပါတဲ့ သူပုန်မဟာမိတ်တွေက သိမ်းပိုက်ထားပါတယ်။