A d v e r t i s e m e n t With Us

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောလင်းမြို့နယ်တွင် ရေကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့အနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးနေပါတယ်။ ကောလင်းဒေသခံတဦးက အောက်တိုဘာ ၈ ရက် ည ၈ နာရီကစပြီး မိုးရွာတဲ့ဟာ မိုးရေချိန် ၄ ဒသမ ၀ လက် မရှိပြီး အောက်တိုဘာ ၉ ရက် မနက် ၅ နာရီခွဲလောက်ကစပြီး ရေတက်လာတာလို့ ပြောပါတယ်။ “ရေတက်ခဲ့တာက နန့်လှိုင်ချောင်း၊ ဒေါင်းမြူးချောင်းတို့က ရေတက်နေပါတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကျော်ဇေယျာ၊ ဈေးရုံဘိုတဲ၊ ဝါးရုံးတုန်း၊ ပြင်ဦးလွင်နဲ့ စက်ရုံလယ်ပြင်ရပ်ကွက်တွေမှာ ရေဝင်ရောက်နေပါတယ်။ ကျော်ဇေယျာရပ်ကွက်မှာ မြေပြင်ပေါ်မှာ ၅ ပေလောက် ရေရှိနေပါတယ်။ မိုးကတော့ရွာနေတုန်းပါပဲ၊ နောက်ထပ် ရေ တက်လာရင်စိုးရိမ်စရာပါပဲ။ ကျနော်တို့ဆိုရင် ရေကခြေသလုံးလောက်ပဲ ရှိဦးမယ်၊ ပစ္စည်းတွေသိမ်းနေရင်း ရေတက်လာတာ ဒူးခေါင်းလောက်အထိရောက်လာပါတယ်” လို့ ပြောပါတယ်။ ကောလင်းမြို့ ကရုဏာလူမှုကူညီရေးအသင်းမှ ကိုမျိုးခိုင်က “ကျနော် ဝန်းသိုဘက်ကို လှမ်းမေးကြည့်တာ ဒေါင်းမြူးချောင်းရေကတော့ ရေမများဘူးဗျ။ ဝန်းသိုအရှေ့ဘက် နန့်လှိုင်ချောင်းကတော့ ရေများတယ်။ ရွှေလှံချောင်းလည်း ရေများတယ်။ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းမှာရေစဝင်တယ်။ နံနက် ၈ နာရီကျော်တော့ ကျော်ဇေယျာ ကားလမ်းမကို ရေကျော်သွားပြီ။ ကားလမ်းကအမြင့်၊ တချို့အိမ်တွေက ကားလမ်းအောက်မှာဆိုတော့ ရေတော်တော် ဝင်သွားတာပေါ့၊ အခုအချိန်အထိရေကတက်နေတုန်းပါပဲ” လို့ ပြောပါတယ်။ ကောလင်းမြို့နယ်မှာ ရေကြီးမှုကြောင့် လူနဲ့ကျွဲနွားတိရစ္ဆာန် သေဆုံးမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက် ၁၃ ရက်နေ့တွေတုန်းကလည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးခဲ့ပြီး အခုက ဒုတိယအကြိမ် ရေပြန်တက်တာ ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ ဝန်းသိုနဲ့ ကောလင်းကြားမှာ အောက်တိုဘာ ၉ ရက် မနက် ၄ နာရီအချိန် ရထားလမ်းရေကျော်မှုကြောင့် ခေတ္တပိတ်ထားခဲ့ပြီး မနက် ၇ နာရီမှ ရထားလမ်းပိုင်းပြန်ဖွင့်ခဲ့ကြောင်း ကောလင်းမီးရထားဝန်ထမ်းတဦးက ပြောပါတယ်။ သတင်းဓာတ်ပုံ - နိုင်နိုင်စိုးလင်း  

A d v e r t i s e m e n t With Us

More News
Up