ဗီယက်နမ် ဖွံ့ဖြိုးရေးဘဏ်ဖွင့်ခွင့် လျှောက်ထားမှု မြန်မာ ဦးစားပေး စဉ်းစားမည်
DVB
·
October 9, 2015
ဗီယက်နမ်နိုင်ငံအခြေစိုက် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင် လျှောက်ထားမှုကို လာမယ့် ၂၀၁၆ ခုနှစ်မှာ ဦးစားပေး စဉ်းစားပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်နိုင်ငံအခြေစိုက် သာန်နီယဲန်သတင်းမှာ ဖော်ပြပါတယ်။
သမ္မတ ဦးသိန်းစိန်က “အစိုးရအနေနဲ့ ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးဖို့ ဦးစားပေး စဉ်းစားသွားပါမယ်” လို့ စက်တင်ဘာလ ၆ ရက်နေ့က ဘဏ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်တာဖြစ်တယ်လို့ ဘဏ်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံအခြေစိုက် ဘီအိုင်ဒီဗွီဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဖက်စပ်ဘဏ်လုပ်ငန်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ ဘဏ်ခွဲဖွင့်လှစ်ဖို့ စိတ်အားထက်သန်နေတာပါ။
အရင်လိုင်စင်လျှောက်ထားမှုမှာ ဘဏ်ခွဲ ၉ ခုကို မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့တာဖြစ်ပြီး ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ကတော့ လိုင်စင်မရရှိခဲ့ပါဘူး။