အာဖဂန်ဆေးရုံ တိုက်ခိုက်ခံရမှု စုံစမ်းပေးရန် အမ်အက်စ်အက်ဖ် တောင်းဆို

အာဖဂန်နစ္စတန်ရှိ အမ်အက်စ်အက်ဖ်မှ ဖွင့်ထားသည့် ဆေးရုံတရုံ။ (ဓာတ်ပုံ - ရိုက်တာ)
6.8K
ပြီးခဲ့တဲ့တပတ်က အာဖဂန်နစ္စတန်မြောက်ပိုင်းက ခွန်ဒုစ်မြို့မှာ ဆေးရုံကို လေကြောင်းက တိုက်ခိုက်ခံရမှု စုံစမ်းပေးဖို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က နိုင်ငံတကာကော်မရှင်တခုကို အောက်တိုဘာ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အဲဒီဆေးရုံကို နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က လူနာ ၄၀၀ ဆေးကုသမှု ပေးနေတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးပေးမှုကို မယုံကြည်ဘူးလို့ နယ်စည်းမခြား ဆရာဝန်အဖွဲ့ ဥက္ကဋ္ဌ Joanne Liu က ပြောဆိုပါတယ်။
တိုင်ကြားခဲ့တဲ့ အဖွဲ့အစည်းကတော့ ၁၉၉၁ ခုနှစ်က ဂျီနီဗာသဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းကူညီမှုဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင် ဖြစ်ပြီး စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်တာပါ။
အဲဒီပစ်ခတ်မှုဟာ မှားယွင်းပစ်ခတ်မှုလို့ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီးက ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က အမေရိကန်တရားရေးဌာန၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်တဂွန်၊ နေတိုးအဖွဲ့နဲ့ အမေရိကန်-အာဖဂန် ပူးပေါင်းတပ်ဖွဲ့တွေလည်း စုံစမ်းစစ်ဆေးမှု လုပ်နေကြတယ်လို့ ဆိုပေမယ့် အဲဒီ စုံစမ်းမှုတွေကိုပဲ အားထားလို့ မရဘူးလို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌက ပြောဆိုတာပါ။
တိုင်ကြားထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင်သာလျှင် စုံစမ်းဖော်ထုတ်ပေးနိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တယ်လို့ ဥက္ကဋ္ဌ Joanne Liu က ပြောဆိုပါတယ်။