နိုင်ငံရေးအကျဉ်းသား ၉၀ ကျော် ချက်ချင်းလွှတ်ရန် အေအိုင်အဖွဲ့ တောင်းဆို
DVB
·
October 8, 2015
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်ကို ရွေးကောက်ပွဲ မတိုင်ခင် ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့( အေအိုင်) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
“လမ်းဟောင်းကိုပြန်သွားခြင်း”လို့ အမည်ပေးထားတဲ့အစီရင်ခံစာကို အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ပြီး နိုင်ငံတ၀န်း အကျှုဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ သတင်းသမားတွေ၊ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။
အစီရင်ခံစာမှာ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ တရားရေးစနစ်ကို တကိုယ်တော်ဆန္ဒပြခဲ့လို့ အိုဘိုထောင်မှာ အကျဉ်းချခံနေ ရတဲ့ ပြင်ဦးလွင်မြို့က ရှေ့နေ ဦးဇော်ဝင်း၊ ဘာသာရေးကိစ္စဟောပြောမှုနဲ့ ထောင်ချခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ကိုထင်ကျော် စတဲ့သူတွေ အကြောင်းတွေကို အထူးအလေးပေးဖော်ပြထားပါတယ်။
အခုလက်ရှိ ရွေးကောက်ပွဲမတိုင်ခင်အချိန် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၉၁ ဦး ထောင်သွင်းအကျဉ်းချခံထားရပြီး အမှန်တကယ်အရေအတွက် ဒီထက်ပိုများမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အေအိုင်အဖွဲ့ရဲ့ မြန်မာ့ရေးရာသုတေသီ လော်ရာဟေး Laura Haigh က ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့တက်ကြွလှုပ်ရှားသူ ၁၀၀ လောက် လက်ရှိထိန်းသိမ်းခံနေရသလို ရာနဲ့ချီတဲ့သူတွေ အမှုတွေ ရင်ဆိုင်နေရတဲ့အကြောင်း သမ္မတဦးသိန်းစိန်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံးကို ချက်ချင်းလွှတ်ပေးပြီး ထင်သလိုဖမ်းဆီးမှုတွေဖြစ်စေတဲ့ ဖိနှိပ်တဲ့ အလေ့အကျင့်တွေကို ရပ်တန့်ရမယ်လို့ ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စည်းရုံးလှုပ်ရှားခွင့်နဲ့ စုဝေးခွင့်တွေကို ချိုးဖောက်တဲ့ဥပဒေတွေအားလုံးကို ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ခေါင်းဆောင်တွေ အထူးသဖြင့် အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ အာဆီယံ အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လာမယ့် နိုဝင်ဘာလ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ထုတ်ဖော်ပြောဆိုကြဖို့လည်း တိုက်တွန်း ထားပါတယ်။