A d v e r t i s e m e n t With Us

တပြည်လုံးဆိုင်ရာပါတီနှင့် ဒေသဆိုင်ရာပါတီ ခြားနားချက်

မြန်မာပြည်မှာ ၁၉၉ဝ တုန်းက နိုင်ငံရေးပါတီစုစုပေါင်း ၂၃၅ ပါတီ ရှိခဲ့တယ်။ ၂ဝ၁၅ မှာ ပါတီ ၉ဝ ကျော်ရှိတယ်။ တပြည်လုံးနဲ့ဆိုင်တဲ့ ပါတီအရေအတွက်က နည်းတယ်။ လူမျိုးအလိုက်ပါတီတွေက များတယ်။ လူမျိုးစုတခုတည်းမှာ ၁ ပါတီကနေ ၇ ပါတီအထိ ရှိသေးတယ်။ တိုင်းရင်းသားအမည်နဲ့ ပါတီပေါင်း ၄၈ ပါတီတွေ့ရတယ်။ အိန္ဒိယနိုင်ငံ နမူနာလေး ပေးပါရစေ။ အိန္ဒိယနိုင်ငံဟာ ပါတီစုံစနစ်ကို ကျင့်သုံးနေတာ နှစ်ပေါင်း ၆ဝ ရှိပြီ။ နိုင်ငံရေးပါတီ အများအပြားရှိတာကို လက်ခံတယ်။ တပြည်လုံးဆိုင်ရာ ပါတီတွေနဲ့ ဒေသဆိုင်ရာ ပါတီတွေဆိုပြီး ရှိကြတယ်။ နိုင်ငံရေးအသိရှိသူတိုင်းဟာ အဲလို တပြည်လုံးဆိုင်ရာ ပါတီမျိုးနဲ့ ဒေသဆိုင်ရာပါတီ ဘယ်လိုခြားနားသလဲဆိုတာ သိထားရပါမယ်။ ဥပမာ အခါလီဒါးလ် (Akali Dal) ဆိုတာ ပန်ဂျပ်ပြည်နယ်မှာသာရှိတယ်။ တယ်လီဂူ ဒက်ဆမ် (Telugu Desam) ပါတီက အင်ရာပရာဒက်ရှ်ပြည်နယ်၊ ရှစ် ဆေနား (Shiv Sena) ပါတီက မဟာရာစထာပြည်နယ်၊ ဆမာ့ခ်ျဝါဒီ (Samajwadi) ပါတီက ယူပီပြည်နယ်မှာ အသီးသီးရှိကြတယ်။ ကွန်ဂရက်ပါတီ (Congress)၊ ဘီဂျေပီပါတီ (BJP) နဲ့ ကွန်မြူနစ်ပါတီ  (CPM) ကြီးတွေက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပါတီတွေဖြစ်တယ်။ ဒီပါတီတွေမှာလည်း ပြည်နယ်တွေ အတော်များများမှာပါ ခြေကုပ်ရှိကြပါတယ်။ ဒေသဆိုင်ရာပါတီတွေဟာ ဆိုင်ရာဒေသတွေမှာသာ လွှမ်းမိုးကြပါတယ်။ ဒါပေမယ့် ပြည်နယ်ကြီးတဲ့ ပြည်နယ်ပါတီဟာ တိုင်းပြည်တခုလုံး နိုင်ငံရေးမှာ လွှမ်းမိုးမှု အားကောင်းနိုင်တယ်။ တပြည်လုံးဆိုင်ရာ ပါတီမျိုးဟာ တပြည်လုံးနဲ့ သက်ဆိုင်တဲ့ အစ်ရှူးခေါ် အရေးအရာတွေကို လက်ကိုင်ပြုပါတယ်။ ဒါ့ပြင် နိုင်ငံတကာရေးရာတွေမှာပါ ဆောင်ရွက်ကြပါသေးတယ်။ ဒေသဆိုင်ရာ ပါတီတွေကတော့ ဆိုင်ရာဒေသအတွက်ကိုသာ ကွက်ကြည့်ကြပါတယ်။ သူတို့ပြည်နယ်၊ ဒေသအတွက် အခွင့်အာဏာ၊ အခွင့်အလမ်းတွေကို ပိုရအောင် တောင်းဆိုပါတယ်။ ဒေသဆိုင်ရာပါတီတွေအတွက် ရွေးကောက်ပွဲကော်မရှင်ကနေ ဘယ်လိုအရည်အချင်းတွေ ရှိရမယ်ဆိုတာတွေ ချမှတ်ပေးထားတယ်။ ဒေသဆိုင်နိုင်ငံရေးရာပါတီ (က) အထွေထွေရွေးကောက်ပွဲမှာဖြစ်ဖြစ် ပြည်နယ်ရွေးကောက်ပွဲမှာဖြစ်ဖြစ် မဲစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းရရှိဖို့ လိုအပ်တယ်။ ဒါ့ပြင် ပြည်နယ်လွှတ်တော်မှာ အမတ်အနည်းဆုံး ၂ နေရာမှာ အနိုင်ရရှိရပါဦးမယ်။ ဒါမှမဟုတ် (ခ) ပြည်နယ်လွှတ်တော်မှာ နေရာစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းကို အနိုင်ရရှိရပါမယ်။ ဒါမှမဟုတ် ၃ နေရာမှာ အနိုင်ရရှိရမယ်။ တပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးပါတီ အောက်လွှတ်တော်ရွေးကောက်ပွဲ (သို့) ပြည်နယ်ရွေးကောက်ပွဲမှာ အနည်းဆုံး သက်ဆိုင်ရာ ပြည်နယ် လေးခုမှာ တရားဝင်မဲ ၆ ရာခိုင်နှုန်း အနိုင်ရရပါမယ်။ ဒါ့ပြင် အောက်လွှတ်တော်မှာ အနည်းဆုံး ပြည်နယ်တခုတည်းကနေ ၄ နေရာ အနိုင်ရရှိရပါမယ်။ အဲလိုသာမရရင် အနည်းဆုံး အမတ် ၂ ရာခိုင်နှုန်းနေရာမှာ နိုင်ရမယ်။ အောက်လွှတ်တော်မှာ စုစုပေါင်း နေရာ ၅၄၃ ရှိလို့ ၁၁ နေရာမှာ နိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေထဲမှာ တပြည်လုံးနဲ့ဆိုင်တဲ့ ပါတီအရေအတွက်က နည်းတယ်။ လူမျိုးအလိုက်ပါတီတွေက များတယ်။ လူမျိုးစုတခုတည်းမှာ ၁ ပါတီကနေ ၇ ပါတီအထိ ရှိသေးတယ်။ တိုင်းရင်းသားအမည်နဲ့ ပါတီပေါင်း ၄၈ ပါတီ တွေ့ရတယ်။ လူမျိုးစုအလိုက် နိုင်ငံရေးပါတီတွေ
  • ကချင် = ၃ + ၁ (လော်ဝေါင်း) + ၁ (လီစူး)
  • ကယား = ၂ + ၁ (ကရင်နီ)
  • ကရင် = ၅
  • ကိုးကန့် = ၁
  • ချင်း = ၃ + ၁ (အရှို) + ၁ (မတူပီ)
  • ဇို = ၁
  • ဇိုမီး = ၁
  • တအောင်း (ပလောင်) = ၁
  • ထားဝယ် = ၁
  • ဓနု = ၂
  • ပအို့ = ၁
  • ဖလုံဆဟော် = ၁
  • ဗမာ = ၁
  • မွန် = ၂ + ၁ (အမျိုးသမီး)
  • ရခိုင် = ၁ + ၁ (ဒိုင်းနက်) + ၁ (ကမန်) + ၁ (ခူမီး) + ၁ (အာရကန်) + ၁ (အခါ) + ၃ (မြို)
  • ရှမ်း = ၃ + ၁ ရှမ်းနီ
  • လားဟူ = ၁
  • ဝ = ၂
  • အခါ = ၁
  • အင်း = ၂
ပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီနဲ့ တစညတို့ကို ပါတီကြီးလို့ ခေါ်နိုင်တယ်။ သက်တမ်းနဲ့ အင်အားများလို့ဖြစ်တယ်။ ၂ဝ၁ဝ မှာစဖွဲ့တဲ့ တိုင်းရင်သား တစုတည်းအတွက် မဟုတ်တဲ့ ပါတီတွေလည်း ရှိတယ်။ နေရှင်နယ်လို့ အမည်ပေးထားပေမယ့် သီးသန့် အုပ်စုတခုအတွက်သာ ရည်ရွယ်တာတွေလည်း ရှိတယ်။ လူ့အခွင့်အရေးလို့ နာမည်ပေးထားပေမယ့် ကိုးကွယ်ရာဘာသာ တခုအတွက် ပါတီလည်းရှိတယ်။ နိုင်ငံရေးဗျူဟာအရ ပါတီတွေများလွန်းတာ မကောင်းပါ။ စစ်တပ်ကြီးစိုးမှုကို ရင်ဆိုင်အန်တုရာမှာ အကွဲကွဲအပြားပြား များလွန်းနေတာဟာ အာဏာရှင်သက်တမ်းကို ဆက်ပေးရာကျတယ်။ တိုင်းရင်းသားတွေထဲမှာလည်း ၁၉၉ဝ နဲ့ ၂ဝ၁၅ နိုင်ငံရေးပါတီ စာရင်းကိုကြည့်ရင် စုစည်းမှု ရလာရမယ့်အစား ပိုပြီးပြန့်ကျဲလာတာ မကောင်းပါ။ ဒါတောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သီးခြားရှိနေသေးတယ်။ တပြည်လုံးအကျိုးလည်းမဟုတ်၊ လူမျိုးစုအရေအတွက်လည်း မဟုတ်ဘဲ ကိုယ်ကျိုးအတွက် နိုင်ငံရေးပါတီ တည်ထောင်သူတွေလည်း သေချာပေါက်ရှိနေတယ်။ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတာ ဗျူဟာမြောက်တဲ့ အကြံပေးချက် ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

A d v e r t i s e m e n t With Us

More News
Up