ဒုတိယ ကမ္ဘာစစ်ကျန်ဗုံး ဟောင်ကောင်တွင်တွေ့ရှိ (ရုပ်သံ)

ဟောင်ကောင်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဒုတိယကမ္ဘာစစ်ကျန် ဗုံးတလုံး တွေ့ရှိခဲ့တဲ့အတွက် အောက်တိုဘာ ၆ ရက်နေ့က ဒေသခံ ၆၀၀ ကျော်ကို မြေအောက်ကားရပ်နားစခန်းထဲ ပြောင်းရွှေ့စေခဲ့ရပါတယ်။ ဆေးရုံအဆောက်အဦတခု တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဗုံးတွေ့ရှိတာလို့ ဒေသခံရုပ်မြင်သံကြားက ကြေညာပြီး အရေးပေါ်ကယ်ဆယ်ရေး နဲ့ ဗုံးဖယ်ရှားရေးတပ်ဖွဲ့တို့ ဗုံးဖယ်ရှားဖို့ ကြိုးစားနေကြတာကို ပြသခဲ့ပါတယ်။ ဗုံးရဲ့အရွယ်အစားဟာ ၁ ပေနီးပါးရှိပြီး ဆေးရုံလူနာတွေနဲ့ ၀န်ထမ်းတွေ၊ ဗုံးတွေ့ရှိတဲ့နေရာနဲ့ မီတာ ၁ ရာအတွင်း နေထိုင်သူတွေကို မြေအောက်ကားရပ်နားစခန်းထဲ ပြောင်းရွှေ့ပေးခဲ့တယ်လို့ South China Morning Post သတင်းစာက အစီရင်ခံပါတယ်။ ဆေးရုံလုပ်ငန်းတွေနဲ့ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုတော့ အစီအစဉ်မပျက် ဆောင်ရွက်ခဲ့ကြတယ်လို့ ဆေးရုံပြောခွင့်ရသူကို ကိုးကားပြီး ဟောင်ကောင်ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up