Home
မြန်မာသတင်း
ဖားကန့်တွင် ရွာသား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
နန်းမြနဒီ
·
October 7, 2015
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက ကျေးရွာ ၂ ရွာမှာ ၂ ရက်အတွင်း လူသတ်မှု ၂ ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားပါတယ်။ ဆိတ်မူကျေးရွာအုပ်စု နတ်မော်ရွာက ဦးထွန်းလွင် နဲ့  ဝေါခါရွာမှ ဦးကံဆက် တို့ ၂ ဦးဟာ ၂၀၁၅ အောက်တိုဘာလ ၅ ရက် နဲ့  ၆ ရက်နေ့တွေမှာ အသီးသီးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့  ဖားကန့်က ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “ကိုထွန်းလွင်က သူ့အိမ်မှာ ရှိနေတုန်း လူ ၂ ယောက်က အိမ်ပေါ်တက်လာပြီး သူ့ညီရှေ့မှာဘဲ သေနတ်နဲ့ ပစ်သတ်သွားတယ်။  ၅ ချက်ပစ်တာ ၄ ချက်မှန်တယ်၊ ကိုကံဆက်ကကျတော့ သူ့မိန်းမနဲ့အတူ ဘုန်းကြီးကျောင်းအလှူသွားလုပ်ပြီး အပြန်မှာ သေနတ်သမား ၂ ယောက်က သူစီးတဲ့ကားကိုတားပြီး မျက်နှာတည့်တည့်ကို ပစ်တာ၊ နှာခေါင်းထဲ ကျည်ဆံဝင်ပြီး ပွဲချင်းပြီး သေဆုံးပါတယ်။” သေဆုံးသူ နှစ်ဦးစလုံးပါတီဝင်တွေဖြစ်ကြပြီး ဘယ်သူက ဘာကြောင့် သတ်တယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူ ဦးထွန်းလွင်ကို ကျောက်အရောင်းအ၀ယ်ကိစ္စ၊ အခွန်ကိစ္စတွေနဲ့ ဆက်စပ်နိုင်ကြောင်း ရွာသားတွေအပြောကို ဦးခင်မောင်လွင်က ကိုးကားပါတယ်။ ကိုကံဆက်ကို ပစ်ခတ်သူ သေနတ်သမားကတော့ မျက်နှာကိုမမြင်အောင် ဦးထုပ်ကို ငိုက်ငိုက်ဆောင်းထားတာပဲသိပြီး ဘယ်သူဆိုတာ မခန့်မှန်းနိုင်ကြောင်းနဲ့ အခင်းဖြစ်စဉ်မှာ အတူရှိနေတဲ့ ဇနီးသည် ဒေါ်ဆိုင်းဘူလည်း တအားလန့်ဝမ်းနည်းပြီး စကားကောင်းကောင်း မပြောနိုင်သေး ဘူးလို့ဆိုပါတယ်။ လူသတ်မှု  နှစ်ခုလုံးကို သက်ဆိုင်ရာ မိသားစုဝင်တွေက ဖားကန်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖားကန့်ရဲစခန်းတာဝန်ကျအရာရှိကတော့ လူသတ်မှုဖြစ်ပွားကြောင်း အတည်ပြုပြီး အသေးစိတ်ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ ပါတီဝင်တွေ အသတ်ခံရတဲ့ဖြစ်ရပ်ဟာ လက်မခံနိုင်တဲ့  ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။ “ကိုကံဆက်က လူမှုရေးကိစ္စ လိုက်ကူတတ်ပြီး ရပ်မိရပ်ဖလည်း ဖြစ်တယ်။ ပါတီကိစ္စလည်း တော်တော်ကူညီဆောင်ရွက်ပါတယ်။ ကိုထွန်းလွင်လည်း ဒီလိုပါပဲ။ သူတို့ ၂ ယောက်လုံး ပါတီကိစ္စ တက်ကြွလှုပ်ရှားတဲ့သူတွေပါ။ ဥပဒေမဲ့ လုပ်ရပ်တွေဗျာ၊ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ကမှ လက်မခံနိုင်တဲ့ ကိစ္စတွေ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024