အင်ဒိုနီးရှားတွင် မြို့တွင်း လေထုအရည်အသွေး အန္တရာယ်ရှိ အဆင့်ရောက်

ဓာတ်ပုံ - ရိုက်တာ
5.8K
အင်ဒိုနီးရှားနိုင်ငံ ပေကံဘာရူမြို့က မိဘတွေဟာ အောက်တိုဘာ ၆ ရက်နေ့မှာ သူတို့ရဲ့ မွေးကင်းစ ကလေးတွေကို လေအေးပေးစက်တပ်ထားတဲ့ အစိုးရရုံးတွေဆီကို ရွှေ့ထားခဲ့ကြပါတယ်။
ပေကန်ဘာရူ အုပ်ချုပ်ရေးမှူးရုံးက အသက် ၄ နှစ်ထိ ကလေးတွေကို ရုံးမှာလာထားဖို့ လက်ခံတယ်လို့ ပြောပါတယ်။
မြို့တွင်း လေထုအရည်အသွေးက အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေပါပြီ။
နိုင်ငံသား ၁ သိန်း ၃ သောင်း ၅ ထောင်ကျော် အသက်ရှူလမ်းကြောင်း ရောဂါတွေ ခံစားနေရကြောင်း သတင်းပို့ထားတယ်လို့ အင်ဒိုနီးရှား ကပ်ဘေး စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
အင်ဒိုနီးရှား တောမီးတွေကထွက်တဲ့ မီးခိုးမြူထူတွေ ဒေသတွင်းမှာ မွှန်ထူနေလို့ အိမ်နီးချင်း မလေးရှားနိုင်ငံထဲက ကျောင်းတွေပါ ပိတ်ထားရတာပါ။
မလေးရှားနိုင်ငံမှာ လေထုအရည်အသွေးက မကျန်းမာစေတဲ့ အဆင့်ကို ရောက်နေလို့ အောက်တိုဘာ ၅ ရက်နေ့က စပြီး ကျောင်းအားလုံးနီးပါးကို ၂ ရက် ပိတ်ထားခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာလည်း လေထုညစ်ညမ်းမှု ညွှန်းကိန်းက ၁၅၄ ထိ ရှိနေပါပြီ။
ညွှန်းကိန်း ၁၀၀ နဲ့ အထက်ဟာ မကျန်းမာစေတဲ့ အဆင့်လို့ စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မီးခိုးမြူထူတွေကြောင့် စင်ကာပူမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ ၃ ရက်နေ့က ဖျက်သိမ်းခဲ့ရပါတယ်။
တောမီးငြှိမ်းသတ်ရေး အိမ်နီးချင်းတွေက ကူညီဖို့ ကမ်းလှမ်းချက်ကိုတော့ အင်ဒိုနီးရှား အစိုးရက ထပ်ခါတလဲလဲ ပယ်ချခဲ့တာပါ။
ကပ်ဘေး စီမံခန့်ခွဲရေး အေဂျင်စီက နိုဝင်ဘာ အစောပိုင်းမှာ မီးငြိမ်းစေရေး မိုးရွာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှား အစိုးရကတော့ အရှေ့တောင်အာရှ နိုင်ငံတွေက အများစုဖြစ်တဲ့ ကုမ္ပဏီ ၂၀၀ ကျော်ကို တောမီးရှို့မှုနဲ့ စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။