ဘရာဇီးထောင်တွင်း စီးနင်းမှု ဓားစာခံ ၁၀ ဦးကို ဖမ်းဆီးထား (ရုပ်သံ)

2.4K
ဘရာဇီးနိုင်ငံ ပါရာနာပြည်နယ်က ထောင်ထဲမှာ အောက်တိုဘာ ၆ ရက်နေ့က အဓိကရုဏ်းဖြစ်အပြီး ထောင်သားတွေက ထောင်ကို စီးနင်းခဲ့သလို အနည်းဆုံး လူ ၁၀ ဦးကိုလည်း ဓားစာခံ ဖမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထောင်သားတွေက ဓားစာခံတွေကို ဓားနဲ့ထောက်ပြီး ထောင်ခေါင်မိုးပေါ်မှာ တုပ်နှောင် ရိုက်နှက်ခဲ့ပြီး ခေါင်မိုးပေါ်က ပစ်ချမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။
ဓားစာခံတွေဟာ လိင်ပိုင်းပြစ်မှု ကျူးလွန်တဲ့ တခြားထောင်သားတွေ ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။
သတင်းတင်ပြချိန်ထိ ခေါင်မိုးပေါ်ကနေ တကယ်ပစ်ချခံရတဲ့ ထောင်သား မရှိသေးပါဘူး။
ဒါပေမယ့် လူရမ်းကား ထောင်သားတွေ လက်ကနေ လွတ်မြောက်ဖို့ အကျဉ်းသား ၂ ဦး အဆောက်အဦထဲကနေ ခုန်ချခဲ့ကြလို့ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆေးရုံပို့လိုက်ရပါတယ်။
အကျဉ်းသားတွေ မတန်တဆ ပြည့်ကြပ်နေတဲ့ ထောင်ထဲမှာ ရမ်းကားနေတဲ့ ထောင်သားတွေက ပြတင်းပေါက်တွေကို ရိုက်ချိုး ဖျက်ဆီးနေပြီး မီးတင်ရှို့ခဲ့ပါတယ်။
ရဲတွေနဲ့ မိသားစုဝင်တွေက အပြင်မှာ စုရုံးနေပါတယ်။
ထောင်တွင်းအဓိကရုဏ်းဟာ ဘရာဇီးမှာ ဖြစ်နေကျပါ။
ထောင်သားတွေက ထောင်တွင်း ညံ့ဖျင်းတဲ့ နေထိုင်မှု အခြေအနေကို အပြစ်တင်ကြပါတယ်။
ဘရာဇီးက ထောင်တွေဟာ များသောအားဖြင့် အကျဉ်းသားတွေနဲ့ မတန်တဆ ပြည့်ကြပ်နေတာပါ။
လွန်ဒရီနာပြည်နယ် ထောင်အမှတ် ၂ ဟာ ထောင်သား ၉၂၈ ဦးအတွက် ပုံစံထုတ်ထားပေမယ့် လတ်တလောမှာ ထောင်သား ၁၁၄၀ ရှိနေတယ်လို့ အစီရင်ခံထားပါတယ်။