Home
မြန်မာသတင်း
မိုင်းပန်တွင် စစ်တပ်သိမ်း မြေယာများ ပြန်တောင်း
နန်းမြနဒီ
·
October 7, 2015
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ထဲမှာ အစိုးရတပ်က သိမ်းယူထားတဲ့ မြေယာတွေ ပြန်ပေးဖို့ ဒေသခံရွာသားတွေ တောင်းဆိုလိုက်ပါတယ်။ မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု လွိုင်နွဲ့ရွာက ရွာသားပေါင်း ၅၀ ကျော်ရဲ့ ဘိုးဘွားပိုင် မြေယာ ဧကပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးကို  အမှတ် ၃၈၅ အမြောက်တပ်ရင်းက လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီမြေမှာ သွားရောက်လုပ်ကိုင် စားသောက်နေတဲ့ ရွာသားတွေကို အုပ်ချုပ်ရေးရုံးက တားမြစ်ခဲ့တဲ့အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဆီ လိပ်မူပြီး စာတင်ခဲ့တယ်လို့ မြေသိမ်းခံ ရွာသား စိုင်းနွမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ရွာသားတွေ  ခြံခတ်ထားတဲ့မြေကို အထွေထွေအုပ်ချုပ်ရေးဌာနက ကျူးကျော်မြေလို့ ပြောပြီး ကိုယ့်သဘောနဲ့ကိုယ် ဖယ်ရှားပေးဖို့ လာပြောတယ်။ သက်ဆိုင်ရာရဲ့ ညွှန်ကြားချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်တယ်လို့ေ ပြောတယ်။ အမှန်က ကျနော်တို့ အဖိုးအဖွား လက်ထက်ကတည်းက လုပ်စားလာတဲ့ မြေတွေလေ၊ ၁၉၉၀ နောက်ပိုင်း တိုက်ပွဲတွေဖြစ်၊ စီးပွားရေးလည်းမကောင်းတော့ တချို့က တခြားနေရာကို ပြောင်းသွားတယ်။ အခု တိုင်းပြည်အခြေအနေကောင်းတော့ ပြန်လာပြီး လုပ်စားတော့ စစ်တပ်ရဲ့မြေဖြစ်သွားရော။ သူတို့က ၁၉၉၉ မှ ရောက်လာပြီး ၂၀၀၀ ခုနှစ်မှာ တပ်လာတည်ထားတာ၊  ပြီးတော့ မြေလွတ်မြေရိုင်းဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ထူထားတယ်။ ဒီမြေပြန်ရဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း မြို့နယ်ရုံးကို စာတင်ထားတယ်။ ဘာမှထူးခြားမှုမရှိလို့  အောက်တိုဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ်အစိုးရဆီ စာတင်ခဲ့ပါတယ်။” စစ်တပ်က သိမ်းယူထားတဲ့ မြေယာတွေမှာ ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ရရေး တောင်းဆိုတဲ့အပြင် ဘိုးဘွားပိုင်မြေတွေကို စာရွက်စာတမ်းနဲ့ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးဖို့လည်း ရွာသားတွေက တောင်းဆိုထားပါတယ်။ လောလောဆယ် သူတို့မိသားစု ပိုင်ဆိုင်တဲ့ မြေပေါ်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ရုံး တည်ဆောက်နေပြီး အဲဒီမြေတွေ ပြန်မရရင်သော်မှ ထိုက်သင့်တဲ့ လျော်ကြေးငွေ ပြန်လိုချင်တယ်လို့ စိုင်းနွမ်ခေးက ပြောပါတယ်။ သူတို့ရဲ့ မြေပိုင်ဆိုင်ကြောင်း အထောက်အထားတွေပြဖို့ မိုင်းပန်မြေစာရင်းရုံးက ပြောပေမယ့် ကျေးလက်တောရွာတို့ သဘောသဘာဝက ဘိုးစဉ်ဘောင်ဆက် သူ့ခြံကိုယ့်ခြံ သတ်မှတ်လုပ်စားခဲ့တာပဲ ရှိကြောင်း၊ ဘယ်အစိုးရကမှလည်း  သူတို့ကို စနစ်တကျ အထောက်အထား မလုပ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် ရှေ့မီနောက်မီ ရွာသူကြီးတွေ သိရှိတယ်လို့လည်း ဆိုပါတယ်။ မိုင်းပန်မြို့နယ် ကျားဖြူပါတီ ကော်မတီဝင်တဦးဖြစ်သူ ဦးစိုင်းနောင့်ကလည်း အောက်တိုဘာလ ၅ ရက်နေ့က မြေသိမ်းခံရွာသားကိုယ်စားလှယ် ၁၀ ဦးလောက် သူတို့ရုံးကို ရောက်ရှိလာပြီး မြေယာပြန်ရရေး တောင်းဆိုစာပေးပို့ခဲ့ကြောင်း၊ သူတို့ကလည်း  ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံးနဲ့ သက်ဆိုင်ရာဆီ ဆက်လက်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းပန်မြို့နယ်ထဲမှာ အရင်ကလည်း ခလရ ၃၃၂ အစိုးရတပ်က နောင်ကိုင်းရွာဘက်ကမြေတွေ သိမ်းထားတာရှိပြီး သူတို့ ၀ိုင်းဝန်းတောင်းဆိုမှုကြောင့် လွန်ခဲ့တဲ့ ၂၀၁၂ - ၂၀၁၃ ခုနှစ်က အသိမ်းခံမြေရဲ့ ၃ ပုံ ၂ ပုံကို စစ်တပ်က ပြန်ပေးခဲ့ကြောင်း၊ ဒီလွိုင်နွဲ့ရွာက မြေတွေကိစ္စမှာလည်း လိုအပ်တဲ့ သက်သေအထောက်အထား အချက်အလက်တွေ ကောက်ယူသွားမယ်လို့  ဦးစိုင်းနောင့်က  ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024