ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်းကို လာဘ်ယူမှုဖြင့် ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
1K
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း ဂျွန်အက်ရှ်ကို တရုတ်ဘီလျံနာ တဦးဆီကနေ လာဘ်ယူခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု တာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။
နယူးယောက် တရားလိုတွေကတော့ ဂျွန်အက်ရှ်က ကုလကို အကျိုးအမြတ်အတွက် ပြောင်းလဲခဲ့ပြီး အစိုးရဆီကနေ ကန်ထရိုက်ရအောင် အိမ်ခြံမြေသူဌေး နောင်လပ်ဆန်ကို ကူညီခဲ့တယ်လို့ ပြောပါတယ်။
ဇိမ်ခံပစ္စည်းတွေ ၀ယ်ယူဖို့ ဒေါ်လာ ၁ ဒသမ ၂ သန်း ယူခဲ့တယ်လို့လည်း အက်ရှ်ကို စွပ်စွဲလိုက်ပါတယ်။
၂၀၁၁ ကနေ ၂၀၁၄ ခုနှစ် ကုလမှာ တာဝန်ထမ်းဆောင်နေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရရှိတဲ့ငွေကြေးအတွက် အခွန်ကို တိမ်းရှောင်ခဲ့သလို နယူးအော်လန်မှာ တညကို ဒေါ်လာ ၈၅၀ ပေးရတဲ့ ဟိုတယ်မှာ မိသားစုနဲ့ အတူနေထိုင်ဖို့ စီးပွားရေးသမားတွေကို ငွေပေးချေခိုင်းတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက်မှာ အက်ရှ်ကို ဖမ်းဆီးခဲ့သလို အိမ်ခြံမြေသူဌေး နောင်လပ် အပါအ၀င် တခြား ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေ ထပ်လုပ်ဦးမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စွပ်စွဲချက်တွေအတွက် ထိတ်လန့်ပြီး အကြီးအကျယ် အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုပါတယ်။