ယီမင်ဝန်ကြီးချုပ်ရုံး ဖွင့်ထားသည့်ဟိုတယ် ဒုံးကျည်များဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)

1.3K
ယီမင်နိုင်ငံ၊ အေဒင်မြို့တော်က ၀န်ကြီးချုပ်ရုံးဖွင့်ထားတဲ့ ဟိုတယ်ဟာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတာကြောင့် ဆော်ဒီနဲ့ ယီမင်အစိုးရ ထောက်ခံသူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ယူအေအီးအစိုးရ သတင်းဌာနက အောက်တိုဘာ ၆ ရက်နေ့က ကြေညာပါတယ်။
ဟိုတယ်မှာ ယူအေအီးတပ်ဖွဲ့တွေရဲ့ ဌာနချုပ်လည်း တပ်စွဲထားတာပါ။ ယီမင်ဝန်ကြီးချုပ်နဲ့ အရာရှိတွေကတော့ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေရဲ့ လက်ချက်လို့ ယူအေအီးနိုင်ငံက စွပ်စွဲပေမယ့် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေက သူတို့ရဲ့ အသေခံ ဖောက်ခွဲရေးသမားတွေက တိုက်ခိုက်တာလို့ ပြောဆိုပါတယ်။
ဒီတိုက်ခိုက်မှုအပြီး ယီမင်အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးလည်း ကျင်းပခဲ့ပါတယ်။ ဟိုတယ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ကားတွေကို ဆော်ဒီနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆော်ဒီအစိုးရပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။