A d v e r t i s e m e n t With Us

စစ်သား စုဆောင်းသဖြင့် ကရင်ကျေးရွာသားများ ထွက်ပြေး

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်မှုထမ်းရမှာကို မလိုလားတဲ့ အရပ်သားတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မြင်းကပြေးကျေးရွာက ရွာသူကြီး ဦးမောထ အဆိုအရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေတဲ့အတွက် ရွာသူရွာသားတွေ ထွက်ပြေးတိမ်း ရှောင်နေ ကြရတာလို့ပါတယ်။ ကရင်ပြည်နယ် ကမ္မမောင်းဒေသတ၀ိုက်က ရွာတွေဖြစ်တဲ့ မြင်းကပြေး၊ ဟတ်ကြီး၊ ရွှေဖလားကျ၊ ကွီးလယ်အစရှိတဲ့ ကျေးရွာက ရွာသူရွာသားတွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့လောက်ကတည်းက မြိုင်ကြီးငူဒေသကို ထွက်ပြေးလာကြပြီး အခုချိန်လည်း တဖြည်းဖြည်တိုးလာနေတယ်လို့ သူက ပြောပါတယ်။ ကေအန်ယူအဖွဲ့က တရွာကို တပ်သား ၂ ယောက်ပေးဖို့ တောင်းဆိုထားပြီး ရွာသားတွေက မသွားတဲ့အတွက် လိုက်လံဖမ်းဆီးရာကနေ အခုလို ထွက်ပြေးကြတာလို့ သူက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ အရင်က ရွာသူကြီးတွေကို ပြောထားတယ်လေ။ စစ်သားကို တရွာကို ၂ ယောက် ထည့်ပေးရမယ်လို့ ပြောထားတယ်။ သူတို့ မရတော့ လိုက်ဖမ်းတယ်။ သူတို့လိုက်ဖမ်းတော့ ရွာသားတွေက ကြောက်လို့ ထွက်ပြေးကြတာပေါ့။ အသက်ကြီးတဲ့လူတွေကိုပါ ဖမ်းတယ်ဆိုတော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတာပေါ့။ ” လက်ရှိမြိုင်ကြီးငူက အသိမိတ်ဆွေ၊ အမျိုးတွေဆီမှာ ခိုလုံနေကြပြီး ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၃၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူ ညီနေပေမယ့် နေရေးအတွက် အကူအညီလိုအပ်တယ်လို့လည်း ဦးမောထက ပြောပါတယ်။ “ကျနော်တို့ နေဖို့ထိုင်ဖို့ကတော့ အခုလောလောဆယ်တော့ သူများအိမ်မှာပဲပေါ့နော်။ နေရာတကျ မရှိဘူးပေါ့။ သူများတွေလည်းပဲ တော်တော်ကျပ်တည်းတာပေါ့။ စားဖို့သောက်ဖို့ကတော့ အခုလော လောဆယ်တော့ ပူစရာမလိုသေးဘူး။ ဒါပေမယ့် နောက်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ မသိရဘူးပေါ့။ ” ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ (၅) ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ ရရှိသေးပါဘူး။ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကို မေးမြန်းရာမှာတော့ ဒီကိစ္စကို သူ့အနေဲ့ မကြားသိရသေးကြောင်း ဖြေကြားပါတယ်။

A d v e r t i s e m e n t With Us

More News
Up