Live
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ်တိုက်ပွဲ ပြန်ဖြစ်
နန်းမြနဒီ
·
October 6, 2015
အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့တွေအကြား လ အတန်ကြာ တိုက်ပွဲတွေမဖြစ်ပဲ ငြိမ်သက်နေရာက ဒီကနေ့မနက် ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည် စတင်ဖြစ်ပွားနေပါတယ်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အင်အား ၃၀၀ လောက်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ SSP/SSA-N ထိန်းချုပ်နယ်မြေ ကျေးသီးမြို့နယ် တာ့ဆမ်ပူးကျေးရွာအုပ်စုဘက်ကို ၀င်ရောက်လာပြီး ဒီနေ့မနက်မှာ စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SSP/SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “နဂိုက အဲဒီဒေသမှာ အစိုးရတပ်အင်အား ၁၀၀ လောက်ဘဲရှိတာ ၊ မနေ့တနေ့ကတော့ မိုင်းဇန်နဲ့ ကာလိဘက်ကနေ နောက်ထပ်ရောက်လာတယ်။ အားလုံးပေါင်း ၃၀၀ လောက်ရှိမယ်။ ဒီနေ့မနက် ၇ နာရီခွဲကျော် ၈ နာရီလောက်မှာ သူတို့ဘက်က စပစ်တယ်။ ကျနော်တို့ဘက်က တပ်မ ၇၂ လက်အောက်ခံတပ်က ခုခံနေတယ် ။အခု မနက် ၁၁ နာရီ ထိ သေနတ် သံတွေ ကြိုးကြား ကြိုးကြား ကြားနေရတုန်းဘဲ။ ထိခိုက်ကျဆုံးမှုတော့ မသိရဘူး၊ ဒါပေမယ့် အဲဒီနားက နောင်ခစ်တို့ နားပေတို့ တာ့ဆမ်ပူးတို့ အဲဒီရွာက ရွာသားတွေ သေနတ်သံကြားလို့ ကြောက်ပြီး တောထဲမှာသွားပုန်းနေကြတယ်။” ဒီကနေ့မနက် ဖြစ်ပွားတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီထံ အကြောင်းကြာစာရေးပို့ထားတယ်လို့ ရှမ်းပြည်တပ်တော် မြောက်ပိုင်းက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြန်ဖြစ်ပွားနေရခြင်း အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေး ပါဘူး။ ရှေ့သီတင်းပတ်အတွင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရတို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) သဘောတူလက်မှတ်ထိုးဖို့ စီစဉ်နေချိန်မှာမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားတာလည်းဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တပ်ပေါင်းစုဖြစ်တဲ့ ယူအန်အက်ဖ်စီညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်မှသာ အန်စီအေကို လက်မှတ်ရေးထိုးမယ့်မူကို စွဲကိုင်ထားပါတယ်။ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့တို့ အကြား ၂၀၁၂ ခုမှာ့  ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာပါ ပဏာမအပစ်ခတ်ရပ် လက်မှတ်ရေး ထိုးထားကြပေမယ့်လည်း ထိတွေ့ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မနှစ်ကလည်း တာဖာဆောင် ကူးတို့ဆိပ် တပ်စခန်းကို အစိုးရတပ်က အတင်းအကျပ်ရွေှ့ပြောင်းခိုင်းလို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024