တောင်ကာရိုလိုင်းနားပြည်နယ်တွင် ဆည်ကျိုးခဲ့အပြီး ဒေသခံများ ရွှေ့ပြောင်းရန် အမိန့်ထုတ်

ဓာတ်ပုံ - ရိုက်တာ
1.5K
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ ဆည်ကျိုးခဲ့အပြီး ကိုလံဘီယာမြို့က အရာရှိတွေ ဆည်အောက်ပိုင်းက ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က ပြည်နယ်အတွင်း မိုးရေချိန် လက်မ ၂၀ ကျော် စံချိန်တင် ရွာသွန်းခဲ့တာပါ။
မိုးလေဝသနဲ့ဆိုင်တဲ့ မတော်တဆမှုတွေကြောင့် အောက်တိုဘာ ၅ ရက်နေ့အထိ လူ ၉ ယောက် သေဆုံးခဲ့ပြီးပြီလို့ စီအန်အန်ရုပ်သံက ကြေညာပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးက သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးသမားတွေက ရေလွှမ်းနေတဲ့ လမ်းတွေတလျှောက် တအိမ်တက်ဆင်း လိုက်ရှာနေခဲ့တယ်လို့ ဒေသခံ ရုပ်သံ ခရစ်တီဗွီက အစီရင်ခံပါတယ်။
တောင်ကာရိုလိုင်းနား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာန ပြောခွင့်ရက နောက်ထပ် ဆည် ၉ ခုလောက်လည်း ရေလျှံခါနီးပြီလို့ ပြောပါတယ်။
အမျိုးသားအစောင့်တပ်က တပ်ဖွဲ့ဝင် အယောက် ၁၃၀၀ ဟာ ပြည်နယ်အစောင့်တပ် ၂၅၀ ကျော်နဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာ နေရာချထားရေး ကူညီနေပါတယ်။
ရဟတ်ယာဉ်တစီးနဲ့လည်း လူဒါဇင်ပေါင်း များစွာကို ကယ်ထုတ်ခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စီအန်အန်သတင်းဌာန မိုးလေဝသ ပညာရှင်ကတော့ မုန်တိုင်းဟာ ဒေသတွင်းကနေ စထွက်နေပြီမို့ နောက်ထပ် မိုးရေချိန် ၂ လက်မလောက် ရွာနိုင်တယ်လို့ ပြောပါတယ်။
မြစ်တချို့က ၂ ပတ်အတွင်း တာကျိုးတာ မဖြစ်နိုင်သေးပေမယ့် ပြည်နယ်တွင်း ရေလွှမ်းမိုးမှုကိုတော့ ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။