A d v e r t i s e m e n t With Us

ဖိလစ်ပိုင် လက်ဝှေ့ကျော် ပတ်ကွီယို အထက်လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာ့ကျော် လက်ဝှေ့ချန်ပီယံ မန်နီ ပတ်ကွီယိုက ၂၀၁၆ ခုနှစ် ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ကြေညာလိုက်ပါတယ်။ သူဟာ ဖိလစ်ပိုင်မှာ လူသိအများဆုံးတွေထဲက တဦးဖြစ်ပြီး လက်ရှိမှာ အောက်လွှတ်တော်အမတ် ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် လက်ဝှေ့ကျော်ဟာ ဘယ်ပါတီ ဒါမှမဟုတ် ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းမယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံရေးဟာ ပါတီစုံစနစ်ဖြစ်ပြီး အားကောင်းတဲ့ နိုင်ငံရေးအုပ်စုဝင်တွေ၊ ရုပ်ရှင်နဲ့ အားကစား ငွေကြယ်ပွင့်တွေက လွှမ်းမိုးထားတဲ့ သမိုင်းလည်း ရှိပါတယ်။ သူဟာ စစ်တပ်အရန်တပ်မှာ ဒု-ဗိုလ်မှူးကြီး ဖြစ်ပါတယ်။ သူ့လက်ဝှေ့ပွဲကို တိုက်ရိုက်ကြည့်ဖို့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အစိုးရတပ်တွေနဲ့ မော်ဝါဒီသူပုန်တွေ အစ္စလာမ္မစ် သူပုန်တွေနဲ့ တိုက်ပွဲကို ခဏ ရပ်တန့်ခဲ့ဖူးပါတယ်။ အောက်လွှတ်တော်အမတ် ဒုတိယသက်တမ်းအတွင်း ပတ်ကွီယိုဟာ ဥပဒေမူကြမ်း ၁၅ ရပ်ကို ကိုယ်တိုင်ရေးခဲ့ပြီး ဥပဒေမူကြမ်း ၂၇ ရပ်ကိုတော့ တခြားလူတွေနဲ့ ပူးတွဲ ရေးသားခဲ့ပါတယ်။ ဥပဒေအများစုကတော့ အားကစားနဲ့ လူမှုဖူလုံရေး တိုးမြှင့်ရေးတို့နဲ့ ပတ်သက်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဒေးလီးအင်ကွာရာ သတင်းစာကတော့ ပတ်ကီယိုဟာ ၂၀၁၄ တနှစ်လုံးမှာ လွှတ်တော်အစည်းအဝေးကို ၄ ကြိမ်သာ တက်ခဲ့လို့ တက်ရောက်မှု အနည်းဆုံး အမတ် ဖြစ်ခဲ့တယ်လို့ အစီရင်ခံပါတယ်။ မေလ ရွေးကောက်ပွဲမှာ သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော်အမတ်နဲ့ ဒေသခံအစိုးရ အရာရှိပေါင်း အယောက် ၁ သောင်း ၈ ထောင်ကို ရွေးချယ်ဖို့ ဖိလစ်ပိုင် ပြည်သူ ၅၄ သန်းကျော် မဲပေးကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up