Home
မေးမြန်းခန်း
အန်စီအေ အစည်းအဝေး မှတ်တမ်းတွေကို နှစ်ဘက်ပြန်ပြီးတော့ အချောသတ်ဖို့လိုတယ် - ဦးလှမောင်ရွှေ
အေးနိုင်
·
October 6, 2015
တနိုင်လုံးလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးပွဲကို လာမယ့်အောက်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော် ပြည်တွင်းပြည်ပ အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြဖို့ ပြင်ဆင်နေကြပါ တယ်။ ပြည်တွင်းစစ်ကာလ နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံးအကြိမ် အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ စာချုပ်မှာ တနိုင်ငံလုံးကို ရည်ညွန်းထားပေမယ့် နိုင်ငံတ၀န်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၀ ကျော်အနက် ၇ ဖွဲ့သာ လက်မှတ်ထိုးကြမှာပါ။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီကလွဲလို့ ကျန်အဖွဲ့တွေက စာချုပ်ကို သဘောတူပေမယ့် အားလုံးအတူတကွ လက်မှတ်ရေးထိုးနိုင်ရင် ထိုးမယ်လို့ သဘောထားထုတ်ပြန်ထားကြပါတယ်။ အန်စီအေစာချုပ် လက်မှတ်ရေးထိုးရေးဆိုင်ရာ ဖြစ်ထွန်းမှုတွေကို မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ လာမယ့်အောက်တိုဘာ ၁၅ ရက်နေ့ကျရင် နေပြည်တော် အမ်အိုင်စီစီ ၂ မှာ အန်စီအေ စာချုပ်လက်မှတ်ထိုးမယ်လို့ ကြားသိပြီးပါပြီ။ ဒီစာချုပ်လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေတွေ အဖြစ် ဘယ်သူတွေကို ဖိတ်ကြားထားသလဲခင်ဗျ။ “သူကတော့ ဆရာရဲ့ ဟိုတနေ့ကတုန်းက တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ နဲ့ တဖက်က ဆယ်ဦးစီပါတဲ့ joint committee ပူးတွဲကော်မတီ ဖွဲ့ထားတယ်။ အဲဒါ ၈ ရက်နေ့မှာ ပြန်ပြီးတော့ ရန်ကုန်မှာ ထပ်ပြီးတော့ အသေးစိတ်တွေ ညှိနှိုင်းဖို့ရှိတယ်။ အခုတော့ ကျနော်တို့ နိုင်ငံတကာ အသိသက်သေ၊ ပြည်တွင်းအသိသက်သေတွေကို တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးရင်တော့ စဖိတ်ဖို့ လုပ်နေတယ်။ နိုင်ငံတကာ သံတမန်တွေ၊ အသိသက်သေတွေကိုတော့ ကျနော်တို့ အစိုးရဌာနဘက်ကပေါ့လေ။ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတဆင့် ဖိတ်ကြားဖို့ ရှိတယ် ပေါ့လေ။ ဒါကတော့ Joint Committee ကနေ ဖိတ်တဲ့အနေအထားပါပဲ။ အားလုံးပေါင်း လူစုစုပေါင်းတော့ MICC 2 မှာတော့ လူ ၁ ထောင်လောက် တက်ရောက်တဲ့ အခမ်းအနားကြီး လုပ်ဖို့တော့ ပြင်ဆင်နေပါပြီဗျ။” အသိသက်သေအဖြစ် ပြည်ပက ဘယ်နိုင်ငံတွေပါမယ်ဆိုတာ သိပါရစေ။ “သက်သေကတော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ သဘောတူပြီးထားတဲ့အတိုင်း အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ ယူအန်နဲ့ အီးယူ၊ နောက်တခုကတော့ နိုင်ငံအလိုက်ဆိုရင်တော့ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတော့ နိုင်ငံတကာသက်သေက ၆ ယောက်ပဲရှိပါတယ်။ ပြည်တွင်းသက်သေကတော့ ကျနော်တို့ အရင်တခေါက်ကတည်းက ကျနော်တို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးပေါ့နော်၊ နောက်တခါ ပြည်နယ်အလိုက် ဖိတ်ကြားသင့်တဲ့လူတွေပါတယ်၊ နောက်ပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီးတချို့ပါမယ်၊ အဲဒါမျိုးကတော့ နှစ်ဘက်ညှိနှိုင်းထားတာ ပြည်တွင်းက သက်သေလက်မှတ်ရေးထိုးမယ့်လူက ၂၀ လောက်ရှိတယ်။ နှစ်ဘက် ညှိနှိုင်းတဲ့အထဲမှာလည်း ၈၈ က လူတချို့လည်း ပါမယ့်သဘောရှိပါတယ်။” ပူးတွဲကော်မတီမှာ တဖက်ကို ၁၀ ဦးဆိုတာက တိုင်းရင်းသား ၈ ဖွဲ့က ၁၀ ဦး၊ အစိုးရက ဆယ်ဦး၊ စုစုပေါင်း ၂၀ ဦးကော်မတီပေါ့နော်။ “ဟုတ်ပါတယ်။” စာချုပ်စိစစ်ရေးကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်ကြမယ်လို့ ကြားသိရပါတယ်။ ဟုတ်ပါ သလား။ သူ့တာဝန်က ဘာလဲ။ “သူက ၂ ခုခင်ဗျ။ သူက အန်စီအေစာချုပ်ကြီးကတော့ အားလုံးပြီးသွားပြီ။ ပြီးတော့ အန်စီအေစာချုပ်ရဲ့အပြင်ကို အစည်းအဝေးလုပ်တိုင်းမှာ သဘောတူညီချက်တွေနဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ၊ အစည်းအဝေးမှတ်တမ်းတွေရှိတယ်ဗျ။ အဲဒါတွေကတော့ ကျနော်တို့နှစ်ဘက် ပြန်ပြီးတော့ အချောသတ်ဖို့လိုတယ်။ စာချုပ်က လုပ်စရာမလိုဘူး။ ဒါပေမယ့် ဘေးတိုက် လုပ်ထားတဲ့ဟာရှိတယ်။ အဲဒီတခုပဲရှိတယ်။ နောက်တခုကတော့ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့ဆက်ပြီးတော့ စာချုပ်ရဲ့အပိုဒ်တွေ ကျနော်တင်ထားတယ်။ အပိုဒ် ၂၁ (က) လိုဟာမျိုးမှာပါတယ်။ အဲဒါကတော့ အစည်းအဝေးပေါ့နော်၊ GM, CM လိုဟာမျိုးတွေ၊ အဲဒါတွေ ဆက်ပြီးတော့လုပ်ရမယ်ဆိုတာ။ အဲလိုဟာမျိုးကိုလည်း ပြန်ပြီးတော့ မှတ်တမ်းတင်ဖို့တို့ ဘာတို့ဆိုတာမျိုးကိုလည်း အဲဒီကော်မတီတခုအနေနဲ့ကတော့ ဆက်လုပ်ဖို့ဆိုတာမျိုးကို တိုင်းရင်းသားတွေဘက်က အဆိုတင်ထားတာ။” အောက်တိုဘာ ၁၅ ရက်နေ့ စာချုပ်ကို လက်မှတ်ရေးထိုးကြပြီးပြီးချင်း အရင်ဆုံး အစောဆုံး လုပ်ကြမယ့် အလုပ် ၁ ခု ၂ ခုလောက်ကို ပြောပြပါ။ “သူက စာချုပ်ရဲ့အပိုဒ် ၂၁ (က) ၁ မှာ သူက ဘာရေးထားလဲဆိုတော့ ဒီလက်မှတ်ရေးထိုးထားတဲ့ လူများဟာတဲ့ လက်မှတ်ရေးထိုးပြီးပြီးချင်းမှာ JICM လို့ခေါ်တဲ့ Joint Implementation Coordination Meeting (ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) ကို ခေါ်ရမယ်လို့ ရေးထားတယ်။ ရေးထားတဲ့အတွက် ၁၅ ရက်နေ့ လက်မှတ်ထိုးမယ်ဆိုရင် As Soon As Possible (တတ်နိုင်သမျှအမြန်ဆုံး) ဆိုတာဗျာ အဲဒီထဲမှာ နာရီတော့ မရေးထားဘူး ပေါ့ဗျာ စာချုပ်ဆိုတာကတော့။ အဲဒီတော့ သူက ၁၅ ရက်နေ့ထိုးရင် ၁၆ ရက်နေ့မှာ JICM ဆိုတဲ့အစည်းအဝေးခေါ်ဖို့ အဆိုပြုထားတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ အားလုံးလည်း လက်မှတ်ထိုးတဲ့အထဲမှာ ပါတဲ့အဖွဲ့တွေပေါ့ဗျာ သူတို့ခေါင်းဆောင် တွေလည်း အကုန်လုံးရောက်တော့။ အဲဒါ Organization မဟုတ်ဘူး။ Meeting ဗျ။ အစည်းအဝေးတွေ။ ဒါကြောင့်မို့လို့ အစည်းအဝေးဖြစ်တဲ့အတွက် လူဦးရေ ကန့်သတ်ထားတာ သိပ်မရှိတဲ့အတွက် အစိုးရဘက်နဲ့ သူတို့နဲ့ နေပြည်တော်မှာ ဒါကို ပထမ အကြိမ်အစည်းအဝေးကို ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အဲဒါပြီးသွားလို့ ရှိရင်တော့ UPDAC ဆိုတဲ့ Union Peace Dialogue Joint Committee (ပြည်ထောင်စု ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ ပူးတွဲကော်မတီ) ဆိုတာ ရှိတယ်ဗျ။ အဲဒါကိုလည်း ကျနော်တို့ ဆက်ပြီးတော့ ဖွဲ့ရမှာရှိတယ်။ အဲဒါကတော့ ပထမဦးဆုံးလုပ်မယ့် လက်မှတ်ထိုး ပြီးနောက်တနေ့လုပ်မယ့် အစည်းအဝေးပေါ့နော်၊ ဒီအစည်းအဝေးက ၁ ရက် ၂ ရက်လည်း ဖြစ်နိုင်တယ်။ ၁ ရက်လည်းဖြစ်နိုင်တယ်။ အဲဒီအစည်းအဝေးကနေပြီးတော့မှ ဆက်အကောင်အထည် ဖော်ရမယ်။ အဲတော့ အခု ဆက်လုပ်မယ့်ဟာအားလုံးကတော့ According the NCA၊ NCA မှာ သဘောတူတဲ့အတိုင်း ဆက်လုပ်မှာပါ။ ဒီသဘောတူချက်တွေ ကလည်း အစိုးရတင်ခဲ့တာမဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေ တင်ခဲ့တာဖြစ်တဲ့ အတွက် တိုင်းရင်းသားတွေလည်း ဒါကို သဘောမတူစရာမရှိသလို အစိုးရဘက်ကလည်း ဒီအတိုင်းပဲ ဆက်အကောင်အထည်ဖော်ခြင်းအားဖြင့် အန်စီအေကို ပြုစုခဲ့တဲ့ တိုင်းရင်းသားတွေလည်း ဆက်လက်လိုက်ပါနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။” ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက ပြောကြားချက်ထဲမှာ အန်စီအေကို လက်မှတ်ထိုးမယ်ဆိုရင် မထိုးခင်မှာ မတရားအသင်းအဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်။ အခု လက်မှတ်ထိုးမယ့်အဖွဲ့တွေထဲမှာ ဘယ်နှစ်ဖွဲ့လောက် မတရားသင်းမှာ ပါနေလဲ။ ဒီအဖွဲ့အစည်းတွေကို အန်စီအေ လက်မှတ်မထိုးခင် မတရားသင်းကနေ ပယ်ဖျက်ပေးမယ့်သဘောလား။ “အဲဒါကတော့ ၀န်ကြီးဦးအောင်မင်းတို့ရဲ့ အစိုးရဌာနတွေပေါ့နော်။ အထူးသဖြင့်တော့ ပြည်ထဲရေး ၀န်ကြီးဌာနတို့ဘာတို့၊ သမ္မတရုံးတို့က ဆောင်ရွက်ရမယ်လို့ပဲ နားလည်ပါတယ်။ အဲဒါကတော့ အခု လက်မှတ်ထိုးဖို့ပေါ့ဗျာ ၇ ဖွဲ့ရယ်၊ အာရ်စီအက်စ်အက်စ် (ရှမ်းပြည်တပ်မတော်- တောင်ပိုင်း) လည်းထိုးမယ်လို့ ကျနော်တို့ကလည်း မျှော်လင့်ထားတော့ အနည်းဆုံး ၈ ဖွဲ့လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ သူတို့ကို စာချုပ်ထဲမှာတော့ လက်မှတ်ထိုးပြီးတဲ့နောက် နော်၊ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာမှ ဖြုတ်ပေးဖို့ပဲ။ ဒါပေမယ့် နောက်ဆုံး ဒီသဘောတူညီချက် ပေါ့လေ၊ ၄ ရက်နေ့မှာလုပ်တဲ့သဘောတူညီချက်ရော၊ သမ္မတကြီးနဲ့ တွေ့တုန်းကရောပေါ့နော် လက်မှတ်မထိုးခင်မှာ ဒါကို ဖြုတ်ပြီးသားဖြစ်ရပါစေမယ်လို့ ပြောတယ်။ ဒါကြောင့်မို့လို့ လက်မှတ်မထိုးခင် ၂ ရက်လား၊ ၃ ရက်လား ကျနော်မသိသေးပါဘူး။ ဒါပေမယ့် ဒါကတော့ အစိုးရဘက်က ဆက်ပြီးဆောင်ရွက်ပေးမယ်လို့ ပြောတဲ့အတွက် သူ့ရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ပဲ ဆောင်ရွက်ပေးမှာပါပဲ။ ရှစ်ဖွဲ့ထဲမှာ ဘယ်နှဖွဲ့က မတရားအသင်း သို့မဟုတ် အကြမ်းဖက်အနေနဲ့ သတ်မှတ်ထားတာတော့ ကျနော်တော့ အသေးစိတ်မသိသေးဘူး။ ဒါပေမယ့် ရှိတာအားလုံးကတော့ အစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ကြိုပြီးတော့ ကြေညာမယ်၊ ၂ ရက်လား ၃ ရက်လာတော့ ကျနော် မသိသေးပါဘူး။” အန်စီအေစာချုပ်ပေါ်ထွန်းလာရေးမှာ MPC မြန်မာငြိမ်းချမ်းရေးစင်တာက တောက်လျောက်ပါဝင် ခဲ့တယ်။ အခုလတ်တလော ၇ ဖွဲ့က လက်မှတ်ထိုးတော့မယ်။ ကျန်အဖွဲ့တွေက ထိုးရေးကို ငြင်းဆန်တာမဟုတ်ဘဲ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် စောင့်ဆိုင်းကြတယ်။ ကျန်အဖွဲ့အစည်းတွေ ထပ်မံပါဝင်လက်မှတ်ထိုးနိုင်ရေး လမ်းဖွင့်ထားမှုအခြေအနေ။ “ဟုတ်ကဲ့ခင်ဗျ။ SD အထူးကိုယ်စားလှယ်အဖွဲ့ပေါ့ဗျာ။ SD Member (အထူးကိုယ်စားလှယ် အဖွဲ့ဝင်) ပေါ့။ ပထမ NCCT (တပြည်လုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့) က ၁၆ ဖွဲ့၊ အေဘီအက်စ်ဒီအက်ဖ် ပါတော့ အက်စ်ဒီက ၁၇ ဖွဲ့လို့ သူတို့ သတ်မှတ်တာရှိပါတယ်။ အဲဒီ ၁၇ ဖွဲ့မှာ သူတို့ လက်မှတ်မထိုးချင်ဘူးလို့ ပြောသူမရှိဘူးခင်ဗျ။ ကျနော်တို့အစိုးရဘက်က ဖိတ်ကြားနိုင်မှု မရှိသေးတာရယ်၊ သူတို့အတွက် All Inclusive အားလုံးပါဝင်ရေးဆိုပြီးတော့ စောင့်မယ်ဆိုတဲ့သဘောရှိတော့ ဒါတွေအားလုံးကိုတော့ ကျနော့်အမြင်ပြောရင်တော့ ဒီစာချုပ်ပါ အတိုင်း ဆက်ပြီးတော့ အဆင့်လိုက် အကောင်အထည်ဖော်ခြင်းကသာလျှင် သူတို့ရဲ့ ယုံကြည်မှုကို ပိုရပြီးတော့ သူတို့ကို ဒါ လမ်းဖွင့်ပေးထားတဲ့အတွက် သူတို့လာနိုင်ဖို့ နံပါတ် ၁ မျှော်လင့်တယ်ပေါ့နော်။ နံပါတ် ၂ ကတော့ အန်စီအေကို လက်မှတ်ရေးထိုးပြီးတဲ့ အချိန်မှာ အစိုးရဘက်က လိုက်နာစောင့်ထိန်းမယ့် ကိစ္စရပ်တွေကလည်း ချက်ခြင်းဆောင်ရွက် နိုင်မယ်လို့ လက်မှတ်ထိုးတဲ့လူတွေရော၊ ကျနော်တို့လည်း ယုံတဲ့အတွက် ဒါကလည်း ဒုတိယ သူတို့လက်မှတ်ထိုးဖို့အတွက်ကို ပိုပြီးတော့ တွန်းအားပေးနိုင်မယ်။ တတိယကတော့ ကျနော်တို့ ဒီ Process က တဖက်တည်းလုပ်တာ မဟုတ်ဘူး။ နှစ်ဖက် ပူးပေါင်းလုပ်နေရင်းနဲ့ သူတို့ကလည်း မထိုးသေးတဲ့လူတွေနဲ့ SD member တွေ တောက်လျှောက်ဆက်သွယ်ပြီးတော့ ဒီဘက်ကဟာတွေ သူတို့လည်း ရှင်းပြနေတာဖြစ်တဲ့အတွက် ဒါကြောင့်မို့လို့ ဒီ Process ဖြစ်စဉ် မှာတော့ တချို့အဖွဲ့တွေက သိပ်မကြာခင်မှာတော့ ဒီထဲမှာ ပါဝင်လာဖို့ ကျနော်တို့ မျှော်လင့်ထားတယ်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024