အစိုးရ အရာရှိများ နုတ်ထွက်ရေးနှင့် ရွေးကောက် ပွဲ စောကျင်းပရေး မော်လ်ဒိုဗာ တွင် ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
1.5K
မော်လ်ဒိုဗာ နိုင်ငံရဲ့ မြို့တော် ကီရှီနူမှာ အောက်တိုဘာ ၄ ရက်နေ့က လူအယောက် ၂ သောင်းလောက် ဆန္ဒပြနေပါတယ်။
အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး ဘဏ်လိမ်လည်မှုကြောင့် အစိုးရ အကြီးတန်း အရာရှိတွေ နုတ်ထွက်ဖို့နဲ့ ရွေးကောက်ပွဲ စောစောကျင်းပဖို့ တောင်းဆိုနေကြတာပါ။
ငွေလိမ်လည်မှုကြောင့် ဒေသတွင်း ငွေကြေး အားပျော့ခဲ့ပြီး ကုန်ဈေးနှုန်း တက်ခဲ့သလို ဗဟိုဘဏ်ဥက္ကဋ္ဌလည်း အရင်လက နုတ်ထွက်ခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရ ခေါင်းဆောင်တွေကတော့ ရာထူးက ထွက်ဖို့ တောင်းဆိုမှုကို ပယ်ချခဲ့ကြတာပါ။
ဆန္ဒပြသူတွေက လူထုဆန္ဒခံယူပွဲလို့ အော်နေခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက သမ္မတ ဖြစ်လာတဲ့ ဥရောပလိုလားတဲ့ အစိုးရခေါင်းဆောင် နီကိုလိုင် တီမိုဖ်တီ ရာထူးက ဆင်းပေးဖို့နဲ့ အစိုးရအသစ် ဖွဲ့စည်းဖို့ တောင်းဆိုနေပါတယ်။
မြို့တော်တွင်း ဆန္ဒပြပွဲတွေဟာ စက်တင်ဘာ အစောပိုင်းတည်းက စခဲ့တာပါ။
တက်ကြွ လှုပ်ရှားသူတွေက အစိုးရ အဆောက်အဦတွေရဲ့ အပြင်ဘက်မှာ ယာယီတဲ ရာပေါင်းများစွာ ဆောက်ထားခဲ့ပြီး တောင်းဆိုချက်တွေ မရမချင်း စခန်းချထားမယ်လို့ ကတိပြုခဲ့ပါတယ်။
မော်လ်ဒိုဗာနိုင်ငံတွင်း ပြည်သူအများအပြားဟာ မိသားစုဝင်ငွေ ၁ လကို အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ရုန်းကန်နေရတာပါ။
မော်လ်ဒိုဗာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် ၈ ပုံ ၁ ပုံရှိတဲ့ ဒေါ်လာ ၁ ဘီလီယံဟာ နိုင်ငံရဲ့ အကြီးဆုံး ဘဏ် ၃ ခုကနေ ပျောက်သွားခဲ့ပါတယ်။
ဒီအမှုကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်အတွက် ငွေထုတ်မပေးတော့ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ သူတို့ဟာ ဥရောပရဲ့ မူဝါဒကို ဆန့်ကျင်တာ မဟုတ်ကြောင်း ပြတဲ့အနေနဲ့ ဥရောပလိုလားတဲ့အလံတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။