မန္တလေးဈေးချိုအနီး ဗုံးပေါက်ကွဲ
DVB
·
June 24, 2011
မန္တလေးမြို့၊ ဈေးချိုအနီးရှိ ၈၄ လမ်းမပေါ်က ဈေးချိုဟိုတယ်ရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ တဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဈေးချို၊ မန်းမြန်မာပလာဇာနဲ့ ဈေးချိုဟိုတယ်က မှန်တွေပါ ကွဲကုန်တယ်လို့ မျက်မြင် မန္တလေးမြို့ခံတဦးက ပြောပါတယ်။
“၁၂ နာရီ ၅ မိနစ်မှာ ပေါက်တယ်ဗျ။ ၈၄ လမ်းပေါ် မန်းမြန်မာပလာဇာဘက်ပေါ့။ ကားက တစစီဖြစ်သွားတယ်။ ပါကျဲရိုး ဖြစ်ဖို့များတယ်။ ကားမှာ လူမပါဘူး။ ကားကို ဒီအတိုင်း ရပ်ထားတာ။ ကားအောက်မှာ ဗုံးကိုထားခဲ့လိုက်တာလို့ပြောတယ်။ အဲဒါ ကွဲသွားတာ။ ဈေးချိုရော၊ မန်းမြန်မာဘက်မှာရှိတဲ့ မှန်တွေ အကုန်လုံး ကွဲသွားတာ။ အဲဒီနားရပ်ထားတဲ့ လိုင်းကားတစီးပေါ်က စပယ်ယာက အောက်ကို ဆင်းတဲ့အချိန်မှာ ကွဲသွားတာ။ အဲဒါ လက်တွေ ဘာတွေ ထိသွားတယ်ပြောတယ်။ ဖြစ်ဖြစ်ချင်းပဲ အဲဒီနားက စည်ပင်က တယောက်က ဆိုင်ကယ်နဲ့ လိုက်ပို့ပေးလိုက်တယ်။ ဗုံးက တော်တော်ကြီးတဲ့ဗုံးပဲဗျ။”
ဒီကနေ့ ဥပုသ်နေ့ဖြစ်နေတာကြောင့် လူသူကင်းရှင်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး သူမြင်တွေ့ခဲ့ရတာတွေကိုလည်း အခုလို ဆက်ပြောပါတယ်။
“ဗုံးကကွဲပြီး ကားတာယာက လမ်းတပြ၀က်လောက်အထိ ရောက်သွားတယ်။ ဘီးတလုံးနဲ့ ကားက သံတိုသံစတွေ အကုန်လုံးပေါ့။ တော်တော်ပြင်းတယ်။ ဈေးချိုက ရှိတဲ့ မှန်တွေ အကုန်လုံးကွဲသွားတယ်။ ဒီနေ့ကတော့ ဈေးပိတ်နေ့လေ။ အဲဒီနေရာက ဈေးဖွင့်နေ့ဆိုရင် ဆိုင်ကယ်တောင် မနည်းတိုးဝှေ့ပြီးတော့ သွားရတယ်။ ပြည့်ကျပ်နေတာကိုး။ အခုတော့ မန္တလေးမြို့ပေါ် ဖြစ်ပြီဆိုတော့ အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြတာပေါ့။”
မန္တလေးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေတဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ သပြေကုန်းဈေးမှာလည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ မြို့ခံတဦး ပြောပြတာကတော့ ...
“ဗုံးပေါက်တာမဟုတ်ဘူးဗျ။ ရေခဲသေတ္တာနဲ့ အဲယားကွန်း ပြင်တဲ့ဆိုင်က ဂက်စ်အိုးပေါက်ကွဲတာ။ အဲဒါ တမြို့လုံး နီးနီး ကြားရတာပေါ့။ ဒီက တမြို့လုံးက ဗုံးကွဲတယ်ပဲ ထင်ကြတာ။ တမြို့လုံး လန့်သွားတာ။ အသံက တော်တော်ကျယ်တယ် ပြောတယ်။ ဒါပေမယ့် သေသေချာချာ သွားစစ်ဆေးလိုက်တဲ့အချိန်မှာ အဲယားကွန်းနဲ့ ရေခဲသေတ္တာဆိုက်က ပေါက်ကွဲတာလို့ ပြောတယ်။ ”
အလားတူ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာလည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းစုံစမ်းပြီး အသေးစိတ် သိရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။