ပျောက်ဆုံး အမေရိကန် ကုန်တင်သင်္ဘောကို ဆက်လက်ရှာဖွေ

1.7K
ဘာဟားမားပင်လယ်ပြင်မှာ ဟာရီကိန်း Joaquin မုန်တိုင်းနဲ့ ရင်ဆိုင်မိပြီး အဆက်အသွယ်ပြတ်နေတဲ့ အမေရိကန်ကုန်တင်သင်္ဘောကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်။
ပေ ၇၀၀ ကျော်အရှည်ရှိတဲ့ ကုန်တင်သင်္ဘော El Faro ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကနေ ပေါ်တိုရီကိုနိုင်ငံကို ခုတ်မောင်းစဉ် ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်တောက်ခဲ့တာပါ။
သင်္ဘောပေါ်မှာ အမေရိကန်သင်္ဘောသား ၂၈ ဦး၊ ပိုလန်သင်္ဘောသား ၅ ဦး လိုက်ပါသွားကြပါတယ်။
ဟာရီကိန်းမုန်တိုင်းကြောင့် ဘာဟာမားနိုင်ငံမှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး ရေကြီးရေလျှံမှုတွေရှိခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။
အခုတော့ လေတိုက်အား အဆင့် ၄ မုန်တိုင်းကနေ အားပျော့သွားပြီဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း အမြင့်ပေ ၃၀ နီးပါး ပင်လယ်ရေလှိုင်းနဲ့ လေကြမ်းတိုက်ခတ်မှုတွေကြောင့် သင်္ဘောရဲ့ ဆက်သွယ်ရေးစနစ် ပျက်စီးသွားတာဖြစ်နိုင်တယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ပင်လယ်ပြင် ဧရိယာ စတုရန်းမိုင် ၈၅၀ ရှာဖွေထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။