သမိုင်းမတိုင်မီက အမွေးရှည် သတ္တ၀ါရုပ်ကြွင်း မစ်ချီဂန်တွင် တွေ့ရှိတူးဖော် (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု မစ်ရှီဂန်က ပဲပုတ်စိုက်ပျိုးတဲ့ လယ်သမားတွေက  သမိုင်းမတိုင်မီကာလ ဆင်နဲ့ သဏ္ဌာန်တူတဲ့ အမွေးရှည် သတ္တ၀ါ ရုပ်ကြွင်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်က လီမာမြို့နယ်က ဂျိမ်းစ်ဘရက်စ်တယ်က ပဲပုတ်ခင်းအတွင်းမှာ ခြံစည်းရိုးတိုင်လို့ ထင်မှတ်တဲ့ အရာတခုကို တူးဖော်ရင်း တွေ့ရှိခဲ့တာလို့ ၀ါရှင်တန်ပို့စ်သတင်းကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။ နောက်ပိုင်းမှာတော့ ခြံစည်းရိုးတိုင်မဟုတ်ဘဲ အရိုးဖြစ်နေပြီး ဆင်အရိုးစုနဲ့ အလားသဏ္ဌာန်တူတဲ့ ရုပ်ကြွင်းတွေ ဖြစ်နေပါတယ်။ အစွယ်အပါအ၀င် ဦးခေါင်းခွံတွေကိုလည်း တူးဖော်ရရှိခဲ့ပါတယ်။ ဒီနောက် မစ်ရှီဂန် တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေနဲ့ အဆက်အသွယ်ရပြီးတော့ ဒီနေရာကို ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်တော့ ပြန်လည် တူးဖော်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းဌာန အဆိုအရ ဒါဟာ နှစ်ပေါင်း ၁ သောင်းလောက်က မျိုးတုံးသွားတဲ့ ဆင်နဲ့ တူတဲ့ တရိစ္ဆာန် အရိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အရိုးစုကတော့ အလုံးစုံရရှိခြင်း မရှိပေမယ့် တရိစ္ဆာန်ရဲ့ တင်ပါးဆုံရိုး၊ ကျောရိုးအဆစ်၊ ကျောရိုး၊ အစွယ်နဲ့ ဦးခေါင်းခွံတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အလုပ်လုပ်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ အဆိုအရ သတ္တ၀ါကို လူတွေက သတ်ဖြတ်ခဲ့တယ်လို့ ယူဆနေပါတယ်။ ဆင်နဲ့ ဆက်နွှယ်တဲ့ ဒီသတ္တ၀ါတွေဟာ မြောက်အမေရိကမှာ မျိုးမတုံးခင်အထိ အသက်ရှင်နေထိုင်ခဲ့ပါတယ်။ မစ်ရှီဂန်မှာ ဒီလို သတ္တ၀ါတွေရဲ့ အရိုးစု ၃၀၀ ကျော်တူးဖော် ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up