Saturday, June 3, 2023
HomeLead Storyအိပ်မက်ဂဏန်းဖြင့် ဘတ် သန်း ၃၀ ဖိုး ထီပေါက်သွားသည့် ထိုင်းကျောင်းဆရာ

အိပ်မက်ဂဏန်းဖြင့် ဘတ် သန်း ၃၀ ဖိုး ထီပေါက်သွားသည့် ထိုင်းကျောင်းဆရာ

အောက်တိုဘာ ၁ ရက်နေ့က ဖွင့်လိုက်တဲ့ ထိုင်းအစိုးရ အောင်ဘာလေထီဆုထဲမှာ  ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှ နယ်စပ်ကျောင်းဆရာတဦး ဘတ်သန်း ၃၀ ဖိုး ပေါက်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ကံထူးရှင်မှာ စံခရဘူရီမြို့နယ် နောင်လူကျေးရွာအုပ်စု ဘန့်ဟွေ့မားလိုင်းရွာမှ နယ်ခြားစောင့်တပ်  ကျောင်းဆရာ ရဲတပ်ကြပ် ဆကွန်း ၀မ်းဆီ ဖြစ်ပြီး သူ့မှာ  မျက်စိအစုံကွယ်ပြီး နာမကျန်းဖြစ်နေတဲ့ ဖခင်နဲ့ ကျောင်းနေရွယ် သမီးတဦး ရှိတယ်လို့ဆိုပါတယ်။

ငွေကြေးအကျပ်အတည်းနဲ့ အကြွေးတွေ ပိနေရာမှ အခုလို မမျှော်လင့်ဘဲ ပထမဆု ၅ စောင်တွဲပေါက်တဲ့အတွက် မိသားတစုလုံး မျက်ရည်လည်အောင် ၀မ်းသာမဆုံးဖြစ်ရတယ်လို့ ထိုင်းရတ် သတင်းထောက်ကို ပြောပါတယ်။

အိမ်မှာရှိတဲ့ ငှက်ပျောပင်စောင့်နတ်မယ်တော်က ၈၂၅ ဆိုတဲ့ ဂဏန်းသုံးလုံး အိပ်မက်ပေးခဲ့ကြောင်း၊ အိပ်မက်ထဲပါတဲ့ ဂဏန်းနဲ့  ဘတ် ၄၀၀ ဖိုး ထီထိုးရာမှာ ၅ စောင်လုံး ပေါက်ခဲ့တာလို့ ဆိုပါတယ်။

ဆုငွေထုတ်ပြီးရင် အသက် ၇၅ နှစ်ရွယ်ရှိ မျက်မမြင်ဖခင် နဲ့ အသက် ၇၃ နှစ်ရှိ နာမကျန်းသူ ယောက္ခမကို ဆေးကုပေးမှာဖြစ်ပြီး အလှူအတန်းလည်းလုပ် လူမှုကယ်ဆယ်ရေးဌာနကိုလည်း ငွေလှူမယ်လို့ ရဲတပ်ကြပ် ဆကွန်း ၀မ်းဆီက ဆက်ပြောပါတယ်။

ဒါ့အပြင် တချို့ကို နေအိမ်ပြန်ပြင်ပြီး သမီးကျောင်းစရိတ်သိမ်းထားကာ နွမ်းပါးတဲ့ ဆွေမျိုးတွေကိုလည်း ဝေငှပေးမှာဖြစ်ကာ ငွေကြေးကြပ်တည်းစဉ်က မိတ်ဆွေတွေဆီက ချေးထားတဲ့ ငွေတွေ၊ ရဲမိသားစု ငွေစုငွေချေးဌာနမှာ နှစ်ရှည်လများတင်နေတဲ့ အကြွေးတွေ အားလုံးပြန်ဆပ်မယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ကျောင်း ကျောင်းအုပ်ကြီးကလည်း သူ့ကျောင်းဆရာ အခုလိုထီပေါက်တဲ့အတွက် ၀မ်းသာကြောင်း၊ ဆရာ ဆကွန်းဝမ်းဆီဟာ ရိုးသားပြီး အလုပ်ကြိုးစားကြောင်း၊ ကျောင်းကို မနက်စောစောလာပြီး မိုးချုပ်မှပြန်ကာ ကျောင်းပိတ်ရက်တွေမှာတောင် အနားမယူဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ သက်မွေးဝမ်းကျောင်းပညာတွေပါ သင်ပေးတဲ့အတွက် ကျောင်းသားတွေရဲ့ အချစ်တော်ဖြစ်တယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular