နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့အတွက် ဆိုလို့ရှိရင်တော့ အပစ်အခတ်ရပ်စဲရေး အကုန်လုံးပါလာမှပဲ ဖြစ်နိုင်မယ် – ပဒိုစောကွယ်ထူးဝင်း

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကရင်အမျိုးသားအစည်းအရုံးက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ သဘောထားတူညီ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ အစည်းအဝေးမှာ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်တဲ့ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းကို  စက်တင်ဘာ ၃၀ ရက်နေ့ညက တွေ့ဆုံမေးမြန်းထားပါတယ်။ အန်စီအေ လက်မှတ်ထိုးရေးနဲ့ပတ်သက်လို့ တိုင်ရင်းသား လက်နက်ကိုင်အင်အားစုမှာ လတ်တလော လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ ၂ ဖွဲ့ဖြစ်သွားတယ်။ ကေအန်ယူက လက်မှတ်ထိုးတဲ့အဖွဲ့မှာ ပါဝင်တယ်ဆိုတာ သိရပါတယ်။ အခြေအနေကို ရှင်းပြပေးပါ။ "ကျနော်တို့ ဒါက တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ညှိနှိုင်းပြီး ရလာခဲ့တာ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ကျနော်တို့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးရဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ ဒီလက်မှတ်က ဘယ်သူက ရေးထိုးသင့်သလဲဆိုတဲ့ သဘောထားမှာ ၁ အချက် ဒီ အန်စီအေကို ရလာလို့ရှိရင် အန်စီအေကို လက်ခံတဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ဒုတိယအချက်ကတော့ ဒီအဖွဲ့ဟာ ကျနော်တို့ အန်စီစီတီ အဖွဲ့ဝင်တော့ ဖြစ်ရမယ်။ အနည်းဆုံး အဖွဲ့ဝင်ဖြစ်ရမယ်။ တတိယအချက်ကတော့ ဒီအဖွဲ့အစည်းက နိုင်ငံနှစ်နိုင်ငံကို ခွပြီး တိုက်နေတဲ့ အဖွဲ့အစည်း မဖြစ်စေရဘူးဆိုတဲ့ သဘောထားနဲ့ ကျနော်တို့ ရပ်တည်လာတယ်။ ဒါကိုကျတော့ အကုန်လုံးပါဝင်ရေးမူဆိုတဲ့ စကားလုံးသုံးတာ။ တကယ်အမှန်အစက အန်စီစီတီမှာ ပါဝင်တဲ့ အဖွဲ့ဝင် ၁၆ ဖွဲ့ ပါဝင်ရမယ်။ ဒါပေမယ့် ကျနော်တို့ စာချုပ်ညှိတဲ့ အချိန်မှာကျတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်နော်၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ မဟုတ်ဘူး၊ ဆိုလိုတာက ဒီစာချုပ်အပေါ်မှာ လက်မှတ်ရေးထိုးသင့်တယ်ဆိုတာ ပါဝင်သင့် ပါဝင်ထိုက်တဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ရမယ်ဆိုတဲ့ သဘောတူညီချက်ရှိတယ်။ ဒါက တပိုင်း။ "အခုဟာ ကျနော်တို့က အန်စီစီတီအဖွဲ့တင် မကဘူး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အကုန်လုံးက ပါဝင်နိုင်လို့ရှိရင် တိုင်းပြည်က အေးချမ်းမယ်ဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ တောင်းဆိုခဲ့တာဖြစ်တယ်။ ဒီ အန်စီအေကို ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး နောက်ဆုံးကျတော့ အန်စီအေရဲ့ သဘောတူစာချုပ်က အဲဒီစာသားတွေ အကုန်လုံးရပြီ။ လက်မှတ်ရေးထိုးတဲ့ အဖွဲ့မှာကျတော့ သဘောထား ၂ ခုရှိလာတယ်။ တချို့အဖွဲ့မှာကျတော့  အစိုးရကနေပြီးတော့ လက်ခံတဲ့အဖွဲ့ရှိသလို တချို့က မလက်ခံဘူး။ ကျနော်တို့ ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးသမိုင်းကြောင်း တလျှောက်လုံးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက တပြိုင်တည်း လက်မှတ်ရေးထိုးတဲ့အကြိမ်က တခါမှမရှိဘူး။ လွန်ခဲ့တဲ့အချိန် ၉၂၊ ၉၃ မှာ တခြားအဖွဲ့အစည်းတွေက အဲဒီတုန်းက တပ်ပေါင်းစုတွေ ရှိခဲ့ပါတယ်။ အန်ဒီအက်ဖ်တို့ ဒီအေဘီတို့ အန်စီယူဘီတို့ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရက အပစ်အခတ်ရပ်စဲရေး ခေါ်တဲ့အချိန်မှာ အတူတကွ သွားကြမယ်ဆိုပြီး ပြောကြပေမယ့် နောက်ဆုံးကျတော့ တဖွဲ့ချင်းသွားကြတယ်။ နောက် ဟိုဥစ္စာပေါ့လေ၊ ပြောရမယ်ဆိုလို့ရှိရင် ၉၄ နောက်ပိုင်းမှာ ကေအန်ယူဆိုတာ တဖွဲ့တည်း ကျန်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်း ကေအန်ယူက တဖွဲ့တည်း။ အဲဒီတုန်းကလည်း အစိုးရရဲ့ စစ်ဆင်မှုဒဏ် ခံခဲ့ရတာပေါ့။ ဒါ သမိုင်းကြောင်းနော်။ သမိုင်းကြောင်းမှာ အကုန်လုံး လက်မှတ်ရေးထိုးတာက တကြိမ်မှ မရှိခဲ့ဖူးဘူး။ အဲဒီတုန်းကလည်း အစိုးရကလည်းပဲ ဒီလို အစုအဖွဲ့နဲ့ လက်ခံဆွေးနွေးတာလည်း မရှိခဲ့ဖူးဘူး။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုတာလည်း မရှိခဲ့ဖူးဘူး။ ဆိုလိုတာကနော်၊ အဲဒီနေရာမှာ ကျနော်တို့ ပြန်ကြည့်လို့ရှိရင် ကျနော်တို့ အဲဒီအချိန်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့အပိုင်းမှာ အခြေခံနိုင်ငံရေးပြဿနာ၊ ဒီလက်နက်ကိုင်ပဋိပက္ခကို ဖြစ်စေတဲ့ အခြေခံ နိုင်ငံရေးပြဿနာကို ဘယ်တုန်းကမှ ဆွေးနွေးခွင့်မရခဲ့ဘူး။ နောက်ပိုင်းကျတော့ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ "အခုဟာ ကျနော်တို့ ကေအန်ယူရဲ့ သဘောထားကတော့ ကျနော်တို့ ကရင်လူမျိုးတွေ လက်နက်ကိုင်တိုက်ပွဲ ၀င်လာခဲ့တာက အခြေခံနိုင်ငံရေးပြဿနာ၊ နိုင်ငံရေးဖြေရှင်းနည်းအရ ဖြေရှင်းရမယ်ဆိုတဲ့ သဘောထားက ကျနော်တို့ဆီမှာ ရှိထားပြီးသား။ ဒီပြဿနာကို လက်နက်ကိုင်နည်းနဲ့ ရှင်းလာတာ နှစ်ပေါင်း ၆၀ ကျော်မှာ သူလည်း ရှင်းလို့မရဘူး၊ ကိုယ်လည်း ရှင်းလို့မရဘူး။ သူ့ကို ကျနော်တို့လည်း အပြုတ်တိုက်လို့မရဘူး။ ကိုယ့်ကို အပြုတ်တိုက်လို့မရဘူး။ ဒီတော့ ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဖို့ တောင်းဆိုလာခဲ့တယ်။ တောင်းဆိုတဲ့အတိုင်း ဒီအစိုးရက တက်လာတဲ့ အချိန်မှာကျတော့ ကျနော်တို့က အစိုးရကနေပြီးတော့ ဖိတ်ခေါ်ပြီးတော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးတယ်၊ အပစ်အခတ်ရပ်စဲရေး လုပ်တယ်။ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဖြစ်တယ်။ ပထမပိုင်းမှာ ကျနော်တို့ ၂၀၁၁ မှာ စပြီး ၁၂ ခုနှစ်မှာ တဖွဲ့ချင်းပဲ လက်မှတ်ရေးထိုးကြတယ်။ တဖွဲ့ချင်းပဲ၊ ဘယ်မှ ကေအန်ယူလည်း တဖွဲ့ပဲ။ စီအန်အက်ဖ်လည်းတဖွဲ့ပဲ။ သူ့ဟာသူ ဘိုင်လက်ထရယ် လက်မှတ်ရေးထိုးကြတယ်။ "နောက်ပိုင်းကျမှ ကျနော်တို့က နိုင်ငံရေးတက်မယ်ဆိုလို့ရှိရင် တစုတဖွဲ့နဲ့ လုပ်ဖို့သင့်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လိုင်ဇာမှာ ၂၀၁၃ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ ကျနော်တို့ ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အစည်းအဝေးပွဲ လုပ်ခဲ့တယ်။ အဲဒီတုန်းကလည်း အစိုးရက ခွင့်ပြုခဲ့တယ်။ အစိုးရ တဖွဲ့ချင်းကနေပြီးတော့ အစုအဖွဲ့နဲ့ တွေ့ဖို့အတွက် လက်ခံပြီးတော့ အန်စီစီတီအနေနဲ့ စဖွဲ့ပြီးတော့ တွေ့လာခဲ့တယ်။ တွေ့တော့ ကျနော်တို့ ခုက အန်စီအေစာချုပ် ရသွားတယ်။ ဒီစာချုပ်မှာက ကျနော်တို့ အန်စီစီတီက လက်ခံတယ်၊ အက်စ်ဒီက လက်ခံတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေး အာမခံချက်ရှိတဲ့ စာချုပ်တခုလည်းဖြစ်တယ်။ ဒီတော့ အစိုးရကနေပြီးတော့ ဒီစာချုပ်အပေါ်မှာ မူတည်ပြီး ကျနော်တို့က တိုင်းရင်းသားတဖွဲ့ချင်းစီက ဆုံးဖြတ်ရမယ့် အနေအထားဖြစ်တယ်။ အနေအထားဖြစ်တဲ့အပေါ်မှာ ကျနော်တို့က အကုန်လုံးပါဝင်ရေးအတွက်ပဲ ကျနော်တို့ ကြိုးစားလာခဲ့တယ်။ ညှိနှိုင်းတဲ့နေရာမှာ စာချုပ်လည်းပြီးရော၊ အကုန်လုံးပါဝင်ရေးမူအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက သွားပြီးတော့ ခေါင်းဆောင်တွေ သွားပြီးတော့ အစိုးရနဲ့၊ သမ္မတနဲ့ သွားတွေ့တယ်။ နောက်ဆုံးတော့လည်း ရလဒ်က ဒီစည်းဝေးပွဲမှာ ဒီရလဒ်ကို လက်ခံတဲ့အပိုင်းနဲ့ လက်မခံတဲ့အပိုင်းဆိုပြီး ၂ ပိုင်းဖြစ်လာတယ်။ "ဆိုလိုတာက ဒီတိုင်းရင်းသားခေါင်းဆောင်တွေက သွားပြီးတော့ ညှိတဲ့နေရာမှာ ရလာတဲ့ ရလဒ်အပေါ်မှာ နောက်ဆုံး အဆုံးသတ် ညှိနှိုင်းရေးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွားတာဖြစ်တယ်။ ဒါပေမယ့် သူတို့က လုပ်ပိုင်ခွင့်မရှိတဲ့ အပေါ်မှာ တဖွဲ့ချင်းက ပြန်ပြီးတော့ ဆုံးဖြတ်ရတဲ့အပေါ်မှာ ကျနော်တို့ ကေအန်ယူကတော့ မူလက ရှိထားတဲ့ သဘောထားအတိုင်း ကိုယ့်အဖွဲ့အစည်းရဲ့ သဘောထား ရပ်တည်ချက်နဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျန်တဲ့ အဖွဲ့အစည်းတချို့တွေကလည်း တဖွဲ့ချင်း ဆုံးဖြတ်ချက်အနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချကြတာ ဖြစ်ပါတယ်။" ကေအိုင်အိုက လူထုတွေက အန်စီအေ လက်မှတ်ထိုးဖို့ လက်မခံတော့ လူထုစကား နားထောင်ပြီးမှ ကေအိုင်အိုက အဲဒီပေါ်လစီကို ရပ်တည်တယ်။ ကေအန်ယူက အဲဒီလိုမျိုး လက်မှတ်ထိုးဖို့အတွက် လူထုတွေရဲ့ အသံတွေကို နားထောင်တဲ့ အပိုင်းရှိလား။ အဲဒီဟာလည်း သိချင်တယ်။ "တကယ်တိုက်ပွဲဖြစ်လို့ရင်၊ စစ်ဖြစ်လို့ရှိရင် တကယ်ခံရတာ လူထုတွေပါ။ လူထုက တိုက်ပွဲတွေရှိမှ လက်ခံချင်တဲ့ဆန္ဒ ရှိသလား၊ ဒါတော့ ကျနော် သိပ်ပြီးတော့ သဘောမပေါက်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီမှာက တိုက်ပွဲက အမြဲတမ်း အနှစ် ၆၀ ကျော်ဖြစ်လာတော့ လူထုတွေက တိုက်ပွဲတွေဒဏ်ကို ခံနေရတဲ့ သူတို့မှာလည်း တော်တော်ဒုက္ခရောက်တယ်။ သူတို့က တိုက်ပွဲမရှိလို့ရှိရင် ပိုပြီးတော့ လိုလားတယ်။ ကျနော်တို့ အဖွဲ့အစည်းက အမျိုးသားတွေကို ဦးဆောင်တာဖြစ်တယ်။ လူထုအသံကို နားထောင်ရမယ်ဆိုတာ လက်ခံပါတယ်။ လူထုရဲ့လိုအပ်မှုကိုလည်း ကျနော်တို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ ကိုယ့်ရဲ့သုံးသပ်မှု ဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ကျနော်တို့ သုံးသပ်ပြီး ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် လူထုက လက်မခံဘူးဆိုတော့ ကိုယ်က ဦးဆောင်တဲ့အဖွဲ့ဆိုလို့ရှိရင် ကျနော်တို့ ဒီတော်လှန်ရေးဆိုပြီး ဆက်သုံးတာ လူထုနောက်မြီးဆွဲ ဖြစ်သွားမလားဆိုတာလည်း ရှိတယ်၊ လက်ရှိအနေအထားနဲ့ ကိုက်ညီတဲ့ အနေအထား ဘယ်လိုလုပ်ရမလဲ၊ ဆုံးဖြတ်ရမလဲဆိုတာက ဦးဆောင်တဲ့ အဖွဲ့အစည်းကနေပြီးတော့ ဆုံးဖြတ်ပြီးတော့ ပြည်သူလူထုကို အသိပေးရမယ်။ "ဘာဖြစ်လို့လဲဆိုတော့ တကယ့်တိုက်ပွဲတွေ၊ စစ်ပွဲတွေ ဖြစ်လို့ရှိရင် ဒုက္ခခံရတာ ပြည်သူလူထုပဲ ဖြစ်မှာပဲလို့ ထင်တယ်။ ဒါက ကျနော်တို့ အခုက များသောအားဖြင့် ကျနော်တို့ ဆုံးဖြတ်မှုက ခံစားမှုနဲ့ ဆုံးဖြတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းတလျှောက်လုံးမှာ ကျနော်တို့က ဒီ ဗမာစစ်အစိုးရ၊ ဗမာမဟာဝါဒီကြောင့် ကျနော်တို့ ခံစားနေရတာ။ ဒါက လူမျိုးတိုင်းမှာ ခံစားနေရတယ်။ ကျနော်တို့ ကရင်ဆိုလည်း သမိုင်းကြောင်းအရ မကပါဘူး၊ နှစ်ပေါင်း ၆၀ မကပါဘူး၊ သမိုင်းကြောင်းအရ ခံလာခဲ့ရတာပါ။ ဒါပေမယ့် ကျနော်တို့ ဒီမှာက ပဋိပက္ခ အရင်းခံပြဿနာက မတူကွဲပြားမှုကို အသိအမှတ်ပြုမှုမရှိတဲ့ အခြေခံဖြစ်လာတယ်။ တကယ်တမ်းဆို ဒီပြဿနာက အဖွဲ့အစည်းမှာ ဖြစ်လာတဲ့ ပြဿနာမဟုတ်ဘူး။ အောက်ခြေက ဖြစ်လာတဲ့ လူမျိုးချင်း မတူကွဲပြားမှုကနေ ဖြစ်လာတဲ့ပြဿနာ။ ဒီကိစ္စကို ရှင်းတဲ့နေရာမှာ လက်နက်ကိုင်နည်းနဲ့ ရှင်းလို့ရှိရင်တော့ ရှင်းလို့မရဘူး။ ဒါက စားပွဲပေါ်မှာထိုင်ပြီးတော့ ရှင်းရမယ်။ အခြေခံပြဿနာကို ရှင်းနိုင်မယ်လို့ ကျနော်တို့မြင်တဲ့အပေါ်မှာ ဖြစ်ပါတယ်။" လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က တိုင်းရင်းသားအဖွဲ့တွေအကြားမှာ ကေအန်ယူနဲ့ ကေအိုင်အိုက တော်လှန်ရေးအဖွဲ့တွေကို ဦးဆောင်ခဲ့တယ်လေ။ ပြီးရင် အန်ဒီအက်ဖ်ခေတ်လည်း ကုန်သွားပြီဆိုတော့ ဘာမှလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဘ၀ပေါ့နော်။ တိုင်းရင်းသား လူမျိုးတွေရဲ့ နိုင်ငံရေးအခြေအနေက မြှင့်တင်ပေးနိုင်မှုတွေ မလုပ်နိုင်ဘူး။ စည်းလုံးမှုမရှိတာကြောင့်ဖြစ်တယ်လို့ ပြောကြတယ်လေ။ ခုလည်း နှစ်ဖွဲ့ကွဲသွားပြီဆိုတော့ ရှေ့ဆက်မှာ လက်တွေ့ ပူးပေါင်းလုပ်နိုင်မယ့် အခြေအနေတွေ ရှိလာနိုင်မလား။ "ကျနော်တို့ လက်ရှိမှာ ကျနော်တို့ ကွဲတယ်ရယ်လို့လည်း ပြောလို့မရဘူး။ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကျနော်တို့သမိုင်းကြောင်းနဲ့ပြောရင် ကချင်ရဲ့သမိုင်းကြောင်းနဲ့ ကရင်ရဲ့သမိုင်းကြောင်း တူမှာမဟုတ်ဘူး။ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအရ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ တူညီတာ တခုပဲရှိမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တာ။ ဒီလိုပဲ ရှမ်းရဲ့ လူမျိုးတမျိုး အနေအထား၊ ချင်းလူမျိုးရဲ့ အနေအထား၊ သူ့ရဲ့ အဖွဲ့အစည်းရဲ့ သူ့ရဲ့ဖွဲ့စည်းပုံအရ သူ့ရပ်တည်ချက်နဲ့ကွာတယ်၊ သမိုင်းကြောင်းကွာတယ်။ သူ့အဖွဲ့အစည်းရဲ့ သူ့ရဲ့လိုလားချက်၊ ဆန္ဒပိုင်း ကွာတယ်။ ဒါပေမယ့် ကျနော်တို့ ရည်မှန်းချက်ချင်းတူတယ်။ တူတဲ့နေရာမှာ ကျနော်တို့ ကေအန်ယူပေါ်လစီကရှိတယ်၊ တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ်၊ မတူတဲ့အနေအထား။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နေတဲ့နေရာ မတူဘူး။ ဒါပေမယ့် တကယ်တမ်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုနေရာမှာ ပူးပေါင်းဆောင်ရွက်မလဲ။ ကျနော်တို့ ကေအန်ယူသဘောထားက အစုအဖွဲ့လိုက်လည်း ပူးပေါင်းဆောင်ရွက်တယ်။ တဖွဲ့ချင်းလည်း ပူးပေါင်းဆောင်ရွက်တယ်။ ဒါက ဘယ်အဖွဲ့အစည်းနဲ့မဆိုဘဲ။ ဒါက ဘာလဲဆိုတော့ ဘ၀တူတယ်ဆိုပေမယ့် ခံစားချက်၊ ရည်မှန်းချက်ချင်း တူရင်လည်းတူမယ်၊ ကွာရင်လည်းကွာမယ် ရှိတဲ့အပေါ်မှာ တူညီတဲ့အပိုင်းကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ မတူတဲ့ဟာတော့ ကျနော်တို့ ခွဲပြီးလုပ်မယ်။ "ခုလက်ရှိအနေအထားမှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရလာပြီ။ ဒါက ကြိုးပမ်းမှု။ ဒါပေမယ့် ဒါကို အကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ တဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ ပူးပေါင်းဆောင်ရွက်တယ်၊ ဘာဖြစ်လဲဆိုတော့ ဒီမှာ ကျနော်တို့က ကဲ ခင်ဗျားကတော့ ဒါကိုလုပ်ပါ၊ လူများအစုအဖွဲ့လာပြီးတော့ ခင်ဗျားက ဒီမှာ အပစ်အခတ်ရပ်စဲ၊ ခင်ဗျားမလုပ်ရင် ဒီလို ကျနော်တို့ကို ဆုံးဖြတ်ပေးလို့မရဘူး။ ကိုယ့်တဖွဲ့ချင်းရဲ့ ကိုယ့်အမြင်နဲ့ ဆုံးဖြတ်ရမှာဖြစ်တယ်။ ပြီးတော့ စုပေါင်းပြီးတော့ တူညီတဲ့အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ လုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကချင်၊ ပြောရမယ်ဆိုလို့ရှိရင်တော့  တချိန်တုန်းက သူ့အနေအထားအရ သူ အပစ်အခတ်ရပ်စဲရေး လုပ်လာခဲ့တယ်။ အန်ဒီအက်ဖ်ထဲမှာပဲနော်။ နောက်ဆုံးကျတော့ ကရင်က တဖွဲ့တည်းပဲကျန်တယ် အဲဒီတုန်းကတော့။ မွန်နဲ့ ကရင်နဲ့ အနီးဆုံး သူတို့ အပစ်အခတ်ရပ်တယ်။ ဒါပေမယ့် ကျနော်တို့က သူ့ရဲ့အနေအထားနဲ့ သူလုပ်တာပဲ။ သွားပြီး အပြစ်တင်စရာမလိုဘူး။ သူ့ရဲ့လူမျိုးနဲ့ သူ့ရဲ့အနေအထားနဲ့ သူ့ရဲ့ လုပ်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်။ "ခုက ကျနော်တို့ရဲ့ အနေအထားနဲ့ ကျနော်တို့ရဲ့ လက်ရှိ နိုင်ငံရေးရည်မှန်းချက်အပေါ်မှာ ကျနော်တို့ရဲ့ ရပ်တည်မှုအပေါ်မှာ ကျနော်တို့ ဆုံးဖြတ်တာဖြစ်တယ်။ ဆုံးဖြတ်တဲ့နေရာမှာလည်း ဒီဥစ္စာ အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အတွက်ကြောင့် တခြားအဖွဲ့အစည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရဘူးလားဆိုတော့ အဲဒါလည်း မဟုတ်ဘူး။ လုပ်မှာပဲ။ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ပဲ ပူးပေါင်းလုပ်ရမှာလား၊ တူလို့ရှိရင် တွဲလုပ်ရမှာပဲ။ အစိုးရမှာ သဘောထားပြောင်းလဲချင်တဲ့ ပုဂ္ဂိုလ်တွေရှိလို့ရှိရင် တွဲပြီးလုပ်ရမှာပဲ။ ကျနော်တို့လိုချင်တာက ဒီနိုင်ငံက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့အတွက် အကုန်လုံးကနေပြီးတော့  ကျနော်တို့ ဆန္ဒတူ၊ အမြင်တူတဲ့ပုဂ္ဂိုလ်နဲ့ အကုန်လုံး ပူးပေါင်းဆောင်ရွက်သွားမှာပဲလို့ ခံယူပါတယ်။" ကျနော်တို့ဟာ ကေအန်ယူမှာ ဗိုလ်ချုပ်ကြီးမြ ခေတ်ကာလ မတိုင်ခင်ကတည်းက ရှေ့က ခေါင်းဆောင်ကြီးတွေလည်း ရှိခဲ့တယ်။ အစဉ်အဆက်မှာ မဟာမိတ်တပ်ပေါင်းစုမူကို ကိုင်စွဲခဲ့တယ်။ ခုလည်း ကိုင်စွဲထားတယ်။ ခုလိုမျိုး အင်အားကြီးအဖွဲ့ထဲကနေ ကေအန်ယူက ကျန်အဖွဲ့တွေနဲ့ သီးခြားကွဲလွဲပြီးတော့ ဖြစ်ခဲ့တာမျိုး မတွေ့ခဲ့ဖူးဘူး။ ၁၉၉၄ မှာ ကေအိုင်အို လက်မှတ်ထိုးတုန်းကတောင်။ အခု ဒီလိုဖြစ်ခဲ့ရတာ ကေအန်ယူအတွက် ဘယ်ဟာတွေက ဖိအားဖြစ်ပါသလဲခင်ဗျာ။ "ဘယ် pressure ဖိအားမှ မရှိဘူး။ ကရင့်အမျိုးသားရဲ့ ခံစားချက်၊ ကရင့်အမျိုးသားရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ကျနော်တို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဘာ pressure လာပေးမှာလဲ။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်ဆိုပြီး စစ်ကြွေးကြော်သံက နဂိုကတည်းက ရှိတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကရင်လက်နက်ကိုင် တော်လှန်ရေး လုပ်တာကလည်း ဘယ်သူမှ လာမြှောက်ပေးလို့ မဟုတ်ဘူး။ လုပ်ချင်လို့လည်း မဟုတ်ဘူး။ လိုအပ်မှုအရ လုပ်တာဖြစ်တယ်။ ကျနော်တို့ မူလကတည်းက ဟိုး ၁၉၄၉ မှာ တော်လှန်ရေးစတယ်။ ၅၀ မှာ၊ တကယ်တမ်း ကေအန်ယူ စဖွဲ့ကတည်းက ကျနော်တို့ ကရင်အမျိုးသား ရည်မှန်းချက် လေးခု ရှိပါတယ်။ တစ်အချက်ကတော့ အဲဒီတုန်းကတော့ ကရင်ပြည်ဆိုတာ မရှိသေးဘူး။ ဗမာပြည် လွတ်လပ်ရေးရစက။ ကရင်ပြည်ချက်ချင်းပေး။ ဒုတိယ ကရင်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ တန်းတူအခွင့်အရေး။ တတိယကတော့ ပြည်တွင်းစစ်အလိုမရှိ။ လူမျိုးရေးအဓိကရုဏ်းမရှိဘူး။ ဆိုတဲ့ ကြွေးကြော်သံ ၄ ရပ်။ ကျနော်တို့ရဲ့လိုအပ်ချက်က ၂ ခု၊ မလိုလားတာ ၂ ခု။ ကျနော်တို့ ကရင်အမျိုးသားတွေ အဲဒီမှာ ကေအန်ယူပေါ့လေ ကေအန်ယူ စဖွဲ့စည်းတာ ကရင်ပြည်ချက်ချင်းပေးပါ၊ ကရင်ပြည်ဆိုတဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်။ ဒုတိယ တန်းတူအခွင့်အရေး ကရင်တကျပ်၊ ဗမာတကျပ် ဒီမိုကရေစီကို ကျနော်တို့ တောင်းတယ်။ မလိုလားတာကတော့ ၂ ခုပဲ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ မလိုအပ်ဘူး။ "ကျနော်တို့ ဘယ်မှာရပ်တည်သလဲဆိုတော့ ကျနော်တို့ဥက္ကဋ္ဌ စောဘဦးကြီးက ကျနော်တို့ ရည်မှန်းချက် ၄ ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ မူလေးခု ထားထားတယ်။ ကရင့်လက်နက် ကရင်လက်ထဲမှာ ရှိရမယ်။ လက်နက်ချစကား အလျဉ်းမပြောရဘူး။ တတိယအချက်က ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။ ကရင်ပြည် ပြီးပြည့်စုံရမယ်။ ဆိုလိုတာက ကရင့်လက်နက် ကရင့်လက်ထဲရှိရမယ်၊ ကရင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတယ်။ လူများကိုတော့ သွားမတရားမလုပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်တော့ ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောတရားဖြစ်တယ်။ ကရင့်လက်နက် ကရင့်မှာရှိရမယ်။ နောက်တခါ လက်နက်ချစကား မပြောစတမ်း။ original စကားက Surrender is out of the question  ကျနော်တို့ ကရင်အမျိုးသားရဲ့ရည်မှန်းချက် ဘယ်တော့မှ မစွန့်လွှတ်ဘူး။ အရှုံးလည်းမပေးဘူး။ နောက်တချက်ကတော့ ကရင်ပြည်နယ် ပြီးပြည့်စုံရမယ် The recognition of the Karen State must be completed အခု ကရင်ပြည်နယ်ဆိုတာ ရှိနေတယ်။ "ဒါပေမယ့် ဘာမှ အခွင့်အရေးမရှိဘူး။ အစစအရာရာ ဗဟိုအစိုးရက ချမှတ်တာဖြစ်တယ်။ ကျနော်တို့လိုချင်တာ ဖက်ဒရယ်၊ ပြည်နယ်တိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ Constitution ရှိရမယ်ဆိုတဲ့ သဘောထား၊ နောက်တခုကတော့ We shall decide our own political destiny ကိုယ့်နိုင်ငံရေးကံကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ ခံယူချက်တွေရှိတယ်။ ဒါက ကျနော်တို့ရပ်တည်ချက်။ ခုန ကျနော်တို့ရည်မှန်းချက် ၄ ခု။ ဒါကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကရင့်ကိုတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိတဲ့အပေါ်မှာ ကျနော်တို့ တောင်းဆိုတယ်။ တောင်းဆိုတဲ့အပေါ်မှာ အစိုးရက လက်နက်နဲ့  အင်အားသုံးတဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတဲ့ ရပ်တည်ချက်အပေါ်မှာ လက်နက်ကိုင် ပြန်တိုက်တယ်။ ဒါကိုလည်း ကျနော်တို့သုံးနေကျဆို ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကာကွယ်ပေးတယ်။ ဒီအစိုးရကို ဖြုတ်ဖို့လည်း မဟုတ်ဘူး။ အာဏာသိမ်းယူဖို့လည်း မဟုတ်ဘူး။ ကိုယ့်အမျိုးသား အခွင့်အရေးအတွက်၊ ကိုယ့်နိုင်ငံရေး ရပ်တည်ချက်ကို ကာကွယ်ဖို့အတွက် ကျနော်တို့ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေတာ ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒသဘော ဖြစ်ပါတယ်။” ကေအန်ယူက လတ်တလော အန်စီအေထိုးဖို့ ဆုံးဖြတ်ချက်ဟာ ကေအန်ယူထဲမှာ ပဋိပက္ခဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေများ ရှိမလားခင်ဗျ။ “မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆို ဒီကိစ္စကို ကျနော်တို့ ဗဟိုကော်မတီမှာ သုံးသပ်ပြီးတော့ အန်စီအေကို အတည်ပြုလား၊ ပြုတယ်။ လက်ခံတယ်၊ ဒါကို လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ထားပြီးသား။ ဒီကနေ့ အစည်းအဝေးတက်လာတာက ကျနော်တို့ဥက္ကဋ္ဌလည်း ပါတယ်။ ဒု-ဥက္ကဋ္ဌလည်း ပါတယ်။ အတွင်းရေးမှူးလည်း ရှိတယ်။ တွဲဖက်အတွင်းရေးမှူးလည်း ရှိတယ်။ ဗဟိုကော်မတီလည်း ရှိတယ်။ ဆိုလိုတဲ့သဘောက ကျနော်တို့ဆုံးဖြတ်ချက်က ကျနော်တို့ ကြေညာထားပြီးသား။ ကျနော်တို့ စတိတ်မင့်လည်း ကျနော်တို့ သဘောထား တင်ထားပြီးသား။ ဒါကြောင့်မို့ ပြဿနာမရှိဘူး။ ဒါပေမယ့် ကျနော် စိုးရိမ်မှုရှိတယ်။ အဓိကက ပြဿနာ ၅ ချက်လို့ ကျနော်မြင်တယ်။ ၁ အချက်ကတော့ အစိုးရအပေါ်မှာ အယုံအကြည်မရှိဘူး။ ဘယ်တိုင်းရင်းသားမဆို ရှိတယ်။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံကြောင့်။ ဒီအစိုးရက ကတိမတည်ဘူး၊ တမျိုးပြောတယ်၊ တမျိုးလုပ်တယ်။ ယုံကြည်မှုမရှိဘူး။ ဒုတိယအချက်ကတော့ သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေ သိပ်များတယ်။ တကယ်လို့ တခုခုလုပ်ရင် ဟိုကပဲ ကိုယ့်ကိုလိမ်မလား ဒါက စိုးရိမ်စိတ်ရှိတယ်။ တတိယက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ။ ဒီကောင်တွေ သွားလုပ်လို့ရှိရင် ဒီကောင် ကိုယ့်ကိုလိမ်မလား ဆိုတာ။ ကိုယ့်အရည်အချင်းကိုယ် မယုံကြည်တဲ့အပိုင်းပါ။ တတိယအချက်ကတော့ ရှင်းရှင်းပြောရင် ကျနော်တို့ တော်လှန်ရေးသမိုင်းတလျှောက်မှာ ရန်သူဆိုတဲ့ သဘောတရား၊ ရန်သူဆိုတာ ရန်သူလိုမြင်ရမယ်။ ရန်၊ ငါး စည်းခြားမယ်ဆိုတဲ့ သဘောတရားတွေ သွင်းထားတာ ကျနော်တို့ ရှိထားတာ ကျနော်တို့ ဦးနှောက်ထဲမှာ မထွက်သေးဘူး။ တတိယတချက်က တချို့ပုဂ္ဂိုလ်တွေကျတော့ ရှိနေတာနဲ့ ပိုနေမြဲ ကျားနေမြဲကို သဘောကျတော့ အပြောင်းအလဲဆိုတာကို မလုပ်ချင်တဲ့ အပိုင်းတွေကလည်း ရှိနေတယ်။ ဒီအချက် ၄၊ ၅ ချက်အပေါ်မှာကြောင့် ဒီလိုအခက်အခဲမျိုးတော့ရှိတယ်။ "ဒါပေမယ့် မလုပ်ချင်တာတော့ မဟုတ်ဘူး၊ ပြည်သူတွေကလည်း လိုချင်တယ်။ မယုံကြည်တာ ဒီအခက်အခဲတွေက အများကြီးလုပ်ရမယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးလို့ရှိရင် ကျနော်တို့ ဆက်လုပ်စရာ အများကြီးရှိနေတယ်။ ယုံကြည်မှု ပြန်လည်တည်ဆောက်ရမှာပေါ့နော်။ ဒီဟာတွေက ဒီတိုင်းပြည် ပြန်လည်တည်ဆောက်တဲ့ လူရဲ့စိတ်ဓာတ်၊ လူရဲ့အသိ၊ လူရဲ့ခံစားမှုတွေကို ပြန်ပြုပြင်ရတာ ခင်ဗျား ဒါ မနည်းဘူးနော်။ ဒီ မဟာဗမာ၊ ဗမာစစ်တပ်ထဲမှာလည်း ကောင်းတဲ့လူရှိတယ်၊ မကောင်းတဲ့လူရှိတယ်။ ဗမာလူမျိုးထဲမှာ။ ကရင်ထဲမှာလည်း အဲဒီလိုပဲ။ ကျနော်တို့ ငယ်ငယ်ကတည်းက ဗမာဆိုတာ မယုံရဘူးဆိုတာ သူများက သင်ပေးတာ။ အဲလိုဖြစ်တဲ့အပေါ်မှာ ဦးနှောက်ထဲ စွဲနေတယ်။ ကျနော်တို့က အခုဟာ အတူတကွ နေကြတယ်။ ဘယ်လိုမှ တယောက်နဲ့တယောက် ကင်းတာမဟုတ်ဘူး။ ဒီပြဿနာက အခြေခံပြဿနာ၊ ဟိုးအောက်ခြေမှာဖြစ်တာ၊ ကျေးရွာက လူထုက ဖြစ်လာတဲ့ပြဿနာ။ ဒီပြဿနာကို ကျနော်တို့ ခေါင်းဆောင်တွေထဲက ဆက်ပြီးတော့ အခု အပစ်အခတ်ရပ်စဲရေး အခြေခံ ပြဿနာရှင်း။ နောက်ပြီးတော့ တွေးခေါ်မှုတွေကလည်း အကုန်လုံး အချိန်ယူပြီးတော့ ပြုပြင်ရမှာဖြစ်တယ်။" အန်စီအေလက်မှတ်ထိုးရင် အသီးအပွင့်တွေပေါ့နော်၊ နိုင်ငံရေးမူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းခြင်း ကဏ္ဍတွေမှာ ကေအန်ယူက ဘယ်လိုဆောင်ရွက်မယ်လို့ မျှော်လင့်ထားလဲ။ “ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့တဖွဲ့တည်းတော့ သွားမှာမဟုတ်ဘူး။ ဒီနိုင်ငံကြီးကို ပြုပြင်ချင်တာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေတင် မကပါဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပြုပြင်ချင်တယ်။ အစိုးရအဖွဲ့တွင်းမှာ ရှိနေတဲ့ အဖွဲ့အစည်းတချို့လည်း ပြင်ချင်ပါတယ်။ ကျနော်တို့ အခု ကြိုးစားနေတာက ဒီနိုင်ငံကို ဘယ်လိုပြန်တည်ဆောက်မလဲ ဆိုတဲ့ကိစ္စ။ ဒီနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အခြေခံက ဒီနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရမယ်။ ဒီလွှတ်တော်ထဲမှာ ပြင်လို့မရဘူး။ ကျနော်တို့ အခု ကြိုးစားဆောင်ရွက်နေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတင် မကဘူး။ အစိုးရဘက်မှာလည်း ဒါကို လက်ခံပြီးတော့ နိုင်ငံရေးပါတီကလည်း သူတို့ကလည်း ပါဝင်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ရေးဆွဲတယ် ဆိုတဲ့သဘောက ဒီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို လွှတ်တော်ရဲ့ ပြင်ပမှာ ကျင်းပပြီးတော့၊ သဘောတူညီချက် ရယူပြီးတော့ နိုင်ငံတော်ဖွဲ့စည်းပုံကို ဘယ်လိုပြန်ပြင်မလဲ၊ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ကွန်စတီကျူးရှင်းကို ပြင်နိုင်ဖို့အတွက် ဒီလမ်းပဲရှိတယ်။ ဒါက ကျနော်တို့ ယုံကြည်ချက်။ "ကျနော်တို့က တိုင်းရင်းသား လက်နက်ကိုင် တစုတဖွဲ့တင်မကဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ၊ အစိုးရအတွင်းမှာရှိတဲ့ အစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတော်ကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ ဆိုတဲ့ကိစ္စ။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ သမိုင်းက နှစ်ပေါင်းကြာလာတော့ လူတွေရဲ့ခံစားမှု၊ လူတွေရဲ့ တွေးခေါ်မှုတွေက မယုံကြည်ဘူး။ ဟိုဘက်မှာလည်း မယုံအောင် သူလုပ်လာတဲ့အပေါ်မှာ ဒါတွေက။ ရှင်းရှင်းပြောရရင် ဒီစစ်တပ်ထဲမှာလည်း ဒီအစိုးရက လွန်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီမှာရှိတဲ့ အစိုးရက ခေါင်းဆောင်တွေကလည်း တစ်တချက် တွေးခေါ်မှုမှာ ဒါက အရိပ်တွေက လွှမ်းမိုးနေတယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့အမှားတွေက လက်ရှိတပ်မတော်အပေါ်မှာရော၊ အစိုးရအပေါ်မှာရော ယုံကြည်မှုက မရှိဘူးပေါ့။ ဒါက ပြုပြင်ပြောင်းလဲမှုက လုပ်ရမယ်။” ဒီထိပ်သီးဆွေးနွေးပွဲကြီး တခုလုံးနဲ့ ပတ်သက်ပြီး ကေအန်ယူ တာဝန်ရှိသူတဦးအနေနဲ့ ပြောပြပါ။ “ကျနော်တို့ ဒီမှာကျတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ကျနော်တို့ အကုန်လုံးက လက်ခံတယ်။ ဒါပေမယ့် လက်တွေ့ လက်မှတ်ထိုးရမယ့် အချိန်မှာကျတော့ အစိုးရကနေပြီးတော့ လက်ခံတဲ့ အဖွဲ့အစည်းတွေနဲ့ လက်ခံမနိုင်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ လက်ခံတဲ့ အဖွဲ့အစည်းတချို့မှာကျတော့ သူက လက်ခံသလို သူ့ရဲ့ အနေအထားနဲ့သူ စနိုင်တဲ့ အနေအထားကနေ စပြီးတော့ အကုန်လုံး ပါလာနိုင်ဖို့အတွက် ကြိုးစားမယ်၊ ဆောင်ရွက်မယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ ဆုံးဖြတ်တဲ့ အဖွဲ့တွေရှိသလို အကုန်လုံးပါလာမှ လက်မှတ်ရေးထိုးမယ်ဆိုတဲ့အဖွဲ့၊ အဆင်သင့်မဖြစ်သေးတဲ့အဖွဲ့ အနေနဲ့ အဲသလို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေလည်း ရှိနေတယ်။ လက်မှတ်ရေးထိုးတယ် ဆိုတာကတော့ အန်စီအေကို လက်ခံတဲ့အပေါ်မှာ မူတည်တာကိုး၊ အကုန်လုံး လက်ခံတယ်။ လက်မှတ်ရေးထိုးတဲ့ အနေအထား ကွာဟမှုအပေါ်မှာ ဒါ ကွဲတာ မဟုတ်ဘဲနဲ့ ခွဲပြီး နိုင်ငံရေးရည်မှန်းချက် တခုပဲ ဖော်ဆောင်တာ။ နောက်ဆုံးမှာကျတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့အတွက် ဆိုလို့ရှိရင်တော့ အပစ်အခတ်ရပ်စဲရေး အကုန်လုံးပါလာမှပဲ ဖြစ်နိုင်မယ်။ ဒါပေမယ့် ပါလာပုံ ပါလာနည်းအပေါ်မှာ သုံးသပ်မှု၊ လက်ခံမှု မတူတဲ့အပေါ်မှာ ဒါ ဖြစ်လာတဲ့ကိစ္စ။ အခုကတော့ ကျနော်တို့က ဘယ်လိုပဲ ဆုံးဖြတ်ဖြတ်၊ ဒါပေမယ့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကတော့ တနည်းတလမ်းတော့ ကျနော်တို့ကတော့ ဖန်တီးထားတဲ့အတွက် ဆက်သွယ်မှုကတော့ ရှိနေမှာပဲ။" နောက်ဆုံး သမ္မတနဲ့ တွေ့ခဲ့ပြီးတော့ အောက်တိုဘာလကို ပြန်ချိန်းထားတယ်နော်။ အောက်တိုဘာမှ ဖိတ်ခေါ်ရင် ၇ ဖွဲ့ပဲ သွားထိုးမှာလား။ "ဖိတ်တာတော့ အကုန်လုံးဖိတ်မှာပဲ။ သူတို့နဲ့ ဘိုင်လက်ထရယ်ထိုးထားတဲ့ အဖွဲ့တွေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီသဘောက တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ ညှိတာပေါ့နော်။ နောက်ပိုင်းကျတော့ အေဘီအက်စ်ဒီအက်ဖ် ပါလာပြီးတော့ ၁၇ ဖွဲ့ပေါ့။ ဒါကို ကျနော်တို့ အကုန်လုံးလက်ခံတယ်။ နှစ်ဘက်စလုံးက လက်ခံတယ်။ စာချုပ်အပေါ်မှာ ဒီစာချုပ်က ရလာပြီ။ ဒီစာချုပ်ကို ထိုးမလား၊ အစိုးရတော့ ထိုးမယ်။ ဒီဘက်က ခင်ဗျားတို့ အသိအမှတ်ပြုတဲ့ ၁၅ ဖွဲ့နဲ့ ထိုးပါဆိုတော့ သူတို့ အသိအမှတ်မပြုတဲ့ကောင်တွေ ပါမှလည်း ငါကထိုးမယ်ဆိုတဲ့ အပေါ်မှာ ဒါက ကွာဟမှု။ အသိအမှတ်ပြုတဲ့ ၁၅ ဖွဲ့ထဲမှာကျတော့ တချို့က အကုန်လုံး မပါနိုင်သေးပေမယ့် တဆင့်ပြီးတဆင့် ပါလာဖို့အတွက် ဒီကနေ ရတာကနေ ဆက်လုပ်ဖို့၊ ဖြစ်စဉ် ပရောဆက်ကို ဆက်သွားဖို့အတွက် ထိုးတဲ့အဖွဲ့ရှိတယ်။ ကဲ ဖိတ်တော့ဖိတ်မယ်၊ သွားတာ မသွားတာကတော့ အဖိတ်ခံရတဲ့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ပဲ။" ပဒိုက ကျနော်တို့မြင်ရသလောက် ကာချုပ်နဲ့ သမ္မတနဲ့ရော အကြိမ်အရေအတွက် များများ တွေ့ဆုံခွင့်ရတဲ့သူတွေထဲမှာ ပါတယ်လို့ သတိပြုမိတယ်။ ဒီတော့ ကိုးကန့်ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဘက်က လုံးဝလက်မခံနိုင်တဲ့ တူးတူးခါးခါး ဖြစ်နေတာတွေ့လား။ ဘယ်လိုသုံးသပ်မိလဲ။ "ကျနော့်အနေအထားက တော်တော်လေး ဝေးကွာတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ တဖွဲ့နဲ့တဖွဲ့ interest က မတူဘူးဗျ။ သူ့ရဲ့အနေအထား၊ သူ့ဘက်ဂရောင်း အနေအထား၊ ကိုးကန့်ရဲ့အနေအထား၊ ကျနော်တို့ တိုင်းရင်းသားတော့ တိုင်းရင်းသားပေါ့နော်။ ဒါပေမယ့် သူ့ရဲ့အနေအထား၊ သူ့ရဲ့ background သူ့ရဲ့ နောက်ခံနိုင်ငံရေး အနေအထားတော့ မသိဘူးပေါ့နော်။ ဘာဖြစ်လို့ဆို ကျနော်တို့ ဒီဘက်မှာ ထိုင်းမှာနေတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုဆိုတာ နိုင်ငံရေးအပိုင်းမှာတော့ သူက ၀င်စွက်တာမရှိဘူး။ ဟိုဘက်မှာကျတော့ ကွာတယ်။ အဲဒီအနေအထားမျိုး ကွာတဲ့အပေါ်မှာ။ ဒါပေမယ့် ကျနော့်အနေနဲ့ comment ထင်မြင်ချက်တော့ မပေးချင်ဘူးပေါ့ဗျာ။ အနေအထား ဘယ်လိုလဲဆိုတာ။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up