အိုင်အက်စ်ပစ်မှတ် ရုရှားလေတပ် ဗုံးကြဲတိုက်ခိုက်မှု ဒုတိယနေ့ မြင်ကွင်း

ရုရှားနိုင်ငံက ဆီးရီးယားမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေက ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ပျက်သွားစေမယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဆီးရီးယား အယ်လ်ဂတ် အဖွဲ့ရဲ့ ဒါရိုက်တာ မေ့ဇန် ဘေ့လပ်က ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုက ဆီးရီးယား ပြဿနာ အတွက် အဆုံးအဖြတ်ပေးမယ့် ကဏ္ဍ ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ပိုမိုအကျိုးအမြတ်ဖြစ်စေမယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် အနောက်အုပ်စုနဲ့ ဖြစ်နေတဲ့ အငြင်းပွားမှုတွေကို ကျော်လွှားဖို့ ဆီးရီးယားကို ရုရှားသမ္မတ ပူတင်က အသုံးပြုနိုင်တယ်လို့လည်း မော်စကို ကာနက်ဂျီဆင်တာက လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဘုံရန်သူကို တိုက်ပြလိုက်ခြင်းအားဖြင့် အနောက်နဲ့ သဘောထားကွဲလွဲမှုတွေကို ကုစားနိုင်မယ်လို့ ရုရှားက ယုံကြည်နေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂ ရက်မှာ ပြင်သစ်နဲ့ ရုရှားသမ္မတတို့ကလည်း ပြင်သစ်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ရုရှားက ဆီးရီးယားကို စက်တင်ဘာ ၃၀ ရက်ကနေ စတင်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကြုံသလို ပစ်ခတ်နေတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက အောက်တိုဘာ ၁ ရက်နေ့က ပြောပါတယ်။ အမေရိကန်အစိုးရကတော့ ရုရှားတိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) တွေ ထိန်းချုပ်တဲ့ နယ်မြေ မဟုတ်ဘူးလို့ ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရောဗ့်က ရုရှား တိုက်လေယာဉ်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတဲ့ အကြမ်းဖက်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်ပြီး ဆီးရီးယားသမ္မတ အာဆက်က စစ်တပ်ကို ထောက်ကူပေးတာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆီရီးယားနိုင်ငံကနေ အီရတ်နိုင်ငံထဲက အကြမ်းဖက်တွေကို တိုးချဲ့တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ကလေးတွေနဲ့ အရပ်သားတွေပါ သေဆုံးတယ်လို့ ဆီးရီးယားအတိုက်အခံတွေက ပြောဆိုပေမယ့် ရုရှားအာဏာပိုင်တွေက အရပ်ဘက်ပစ်မှတ်တွေ မပါဘူးလို့ ငြင်းဆန်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရုရှားနိုင်ငံဟာ အရှေ့အလယ်ပိုင်းပြဿနာထဲ ထဲထဲဝင်ဝင် ပါဝင်လာလိမ့်မယ့်လို့ အိမ်ဖြူတော်ပြောခွင့်ရပြောဆိုတာပါ။ အောက်တိုဘာ ၁ ရက်က ဟုမ်း(Homs)၊ ဟာမာ(Hama)နဲ့ အစ်ဒလစ်ဖ် (Idlib)  ပြည်နယ်တွေမှာ တိုက်ခိုက်ခဲ့ပြီး အမေရိကန်က စစ်သင်တန်းပေးထားတဲ့ သူပုန်တပ်ဖွဲ့စခန်းတွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up