ဆော်ဒီ ဟဂ်ျဘုရားဖူးရာသီအတွင်း လူအုပ်နင်းမိ၍ အီရန်နိုင်ငံသား ၄၆၄ ဦးသေဆုံး

ဓာတ်ပုံ - brunchnews.com
1.5K
ဆော်ဒီအာရေဗျနိုင်ငံမှာ ပြီးခဲ့တဲ့တပတ် ဟဂ်ျဘုရားဖူးရာသီအတွင်း လူအုပ်နင်းပြီး သေဆုံးသွားတဲ့ အီရန်နိုင်ငံသားဦးရေဟာ ၄၆၄ ဦး ရှိသွားပြီး အရင် တရားဝင်ထုတ်ပြန်ချက်ရဲ့ ၂ ဆလောက် ဖြစ်တယ်လို့ အီရန်နိုင်ငံက ပြောဆိုပါတယ်။
နောက်ထပ် အီရန်နိုင်ငံသား အသက်ရှင်လျက် တွေ့ရှိနိုင်မယ့် အခြေအနေ မရှိလောက်တော့ဘူးလို့ အီရန်အာဏာပိုင်တွေက ပြောပါတယ်။
လူအုပ်နင်းမှုဖြစ်ပြီး သေဆုံးရတဲ့ ဘုရားဖူးဦးရေ အနည်းဆုံး ၇၆၉ ဦး ရှိတယ်လို့ ဆော်ဒီအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပေမယ့် ပါကစ္စတန်နိုင်ငံကတော့ သေဆုံးသူအားလုံး ၁၁၀၀ လို့ ဆိုတာပါ။
အခုလို ဘုရားဖူးချိန်အတွင်း လူအုပ်နင်းမှုမဖြစ်အောင် ဆော်ဒီအစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုရော၊ သေဆုံးသူ ဘုရားဖူးဦးရေ ထုတ်ပြန်တာမှာ တုံ့နှေးတာကိုရော ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာပါ။
ကျန်ခဲ့တဲ့တပတ်က ဆော်ဒီမှာ ဟဂ်ျဘုရားဖူးပွဲတော်အတွင်း လူအုပ်နင်းပြီး လူသေဆုံးမှုဟာ ၂၅ နှစ်အတွင်း အများဆုံး ဖြစ်ခဲ့တာပါ။
အခုလို သေဆုံးမှုအတွက် ဆော်ဒီအစိုးရက တောင်းပန်ဖို့ အီရန်ဘာသာရေး ထိပ်တန်းခေါင်းဆောင်ကြီး အယာတိုလာ အလီ ခိုမေနီက တောင်းဆိုထားပါတယ်။