အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်တောင်ပိုင်းက အမ့်ကွာကွန်မြူနတီ တက္ကသိုလ်ထဲမှာ အောက်တိုဘာ ၁ ရက်နေ့က သေနတ်သမား ၁ ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရဲက သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ငြိမ်ဝပ်ပိပြားရေး အရာရှိက အတည်ပြု ပြောဆိုပါတယ်။
ဒါဟာ အမေရိကန်တက္ကသိုလ်ဝင်းထဲမှာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစုလိုက် လူသတ်မှုဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာ လက်ရှိအချိန်မှာ အတိကျဆုံး အချက်အလက်ပါပဲလို့ တက္ကသိုလ်ဝင်း တည်ရှိရာ ဒေါက်ဂလပ်စ် ကောင်တီစီရင်စု ငြိမ်ဝပ်ပိပြားရေး အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
ပစ်ခတ်သူလို့ သံသယရှိသူဟာ အသက် ၂၀ အရွယ် အမျိုးသားဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲမှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအပြီး သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောပါတယ်။
သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်း မဖော်ထုတ်နိုင်သေးဘဲ အာဏာပိုင်တွေကတော့ စုံစမ်း စစ်ဆေးနေဆဲလို့ ပြောပါတယ်။
အခင်းဖြစ်ရာနေရာကနေ သေနတ်သမားပိုင်တဲ့ သေနတ်တို ၃ လက်နဲ့ သေနတ်ရှည် ၁ လက်တို့ ရှာတွေ့တယ်လို့ စီအန်အန်သတင်းဌာနက အစီရင်ခံပါတယ်။
အမေရိကန်နိုင်ငံအတွင်း လတ်တလောနှစ်တွေမှာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စစ်တပ်အခြေစိုက်စခန်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကောလိပ်ကျောင်း ပရိဝုဏ်တွေမှာ လူအများကြီး ပစ်ခတ်ခံရမှုတွေ တခုပြီးတခု ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတွင်း သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆိုမှုတွေ ပိုမြင့်လာစေပါတယ်။