A d v e r t i s e m e n t With Us

၂၀၀၆ မွမ်ဘိုင်း မြို့ပတ်ရထား ဗုံးဖောက်ခွဲမှုဖြင့် ၅ ဦးကို သေဒဏ်ချမှတ်

ဗုံးခွဲသည့် တရားခံတဦးအား ခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
၂၀၀၆ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့ပတ်ရထားတွေပေါ်မှာ ဗုံးတွေ အတွဲလိုက် ဖောက်ခွဲမှုနဲ့ ရုံးတင်ခံရသူ ၁၃ ဦးအနက် ၅ ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး ကျန် ၇ ဦးကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချလိုက်ပါတယ်။ ၂၀၀၆ ဇူလိုင် ၁၁ ရက်နေ့က မွမ်ဘိုင်းမြို့ပတ်ရထားတွေပေါ်မှာ ထမင်းပေါင်းအိုးတွေနဲ့ ဗုံး ၇ လုံး ဆက်တိုက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၈၉ ဦးရှိခဲ့ပြီး အယောက် ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။ ဒီဖောက်ခွဲမှုတွေအတွက် ပါကစ္စတန်အစိုးရက နောက်ခံတဲ့ စစ်သွေးကြွအုပ်စုတွေက လုပ်ဆောင်တာလို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံကတော့ ငြင်းဆန်ပါတယ်။ ဒီအမှုကို ကိုင်တွယ်ခဲ့တဲ့ အိန္ဒိယ တန်ပြန်အကြမ်းဖက်တိုက်ခိုက်ရေး တပ်ဖွဲ့ အရာရှိချုပ်က တရားရုံး ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ အမှုအားလုံး ၉ နှစ်ကြာခဲ့ပြီး အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုတွေ အားလုံးကို တရားရုံးက လက်ခံခဲ့ပြီး ဗုံးထောင်ခဲ့သူ ၅ ဦးကို သေဒဏ်ကြိုးမိန့် ပေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ တရားခံရှေ့နေကတော့ တရားခံတွေဟာ အပြစ်မရှိဘဲ တဖက်သတ် အမှုဆင်ခံ အပြစ်ဒဏ်ချခံရတာလို့ ပြောဆိုပြီး အမြင့်ဆုံးတရားရုံးမှာ လျှောက်လဲမယ်လို့ ပြောဆိုပါတယ်။ အခုလို သေဒဏ်နဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသူ ၁၂ ဦးလုံးကို အခုလအစောပိုင်းက ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးဗဟိုဌာနနဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ရဲ့ မြို့ပတ်ရထားစနစ်ဟာ ကမ္ဘာပေါ်မှာ စီးနင်းသူအများဆုံး ရထားလိုင်းတွေထဲက တလိုင်းဖြစ်ပြီး ၁ ရက်ကို စီးနင်းသူ ၈ သန်းကျော်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up