A d v e r t i s e m e n t With Us

လက်မှတ်ဈေးနှုန်း ကြီးမြင့်မှု ပရီးမီးယားလိဂ် ပရိသတ်များ ဆန္ဒပြမည်

အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ နဲ့ ချန်ပီယံရှစ် ကလပ်အသင်း ၁၀ သင်းက ပရိသတ်တွေ လက်မှတ်ဈေးနှုန်းကြီးမြင့်မှုအတွက် ဒီရက်သတ္တပတ်မှာ ဆန္ဒပြမှာ ဖြစ်ပါတယ်။ ပရိသတ်တွေက ဘောလုံးပွဲတပွဲအတွက် လက်မှတ်တစောင်ကို ပေါင် ၂၀ ထက် ပိုမပေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ ဘောလုံးပရိသတ် ဖက်ဒရေးရှင်းက အမှုဆောင် ကင်ဗင်မိုင်စ်ကတော့ ဘောလုံးပွဲကြည့်ဖို့ ပရိသတ်တွေအတွက် လက်မှတ်ဈေးနှုန်းက အခက်အခဲတခု ဖြစ်သလို ကလပ်အသင်းတွေက ပရိသတ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မတားဆီးသင့်ဘူးလို့ ပြောပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ ပရိသတ်တွေအတွက် လက်မှတ်ဈေးနှုန်းကို တတ်နိုင်တဲ့နှုန်းတွေ လုပ်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။ ပရိသတ်တွေက အဲဗာတန်-လီဗာပူးနဲ့ အာဆင်နယ်-မန်ချက်စတာယူနိုက်တက် ပွဲတွေမှာလည်း ခေါင်းစည်းစာတမ်းတွေကို လွှင့်ထူသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကလပ်အသင်းတွေကတော့ ခေါင်းစည်းစာတမ်း လွှင့်ထူမှုကို တားမြစ်သွားဖို့ ရှိနေပါတယ်။ အက်စ်တွန်ဗီလာကတော့ အသင်းကို ထောက်ခံတဲ့ စာတန်းတွေကိုပဲ လွှင့်ထူခွင့်ပြုလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ လက်မှတ်ဈေးနှုန်းတွေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံရှစ်က ကာဒစ်၊ လိဒ်၊ ဘာမင်ဂမ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဟာလ်းစီးတီး၊ ကျူပီအာ၊ ဘော်လ်တန်၊ ရီဒင်း၊ မစ်ဒယ်ဘရော့နဲ့ ဘရစ်တိုးစီးတီး အသင်းတွေကလည်း ဆန္ဒပြပွဲကို ပါဝင်မှာ ဖြစ်ပါတယ်။ အိမ်ကွင်းပွဲစဉ်တွေထဲမှာ အာဆင်နယ်အသင်းဟာ လက်မှတ်တစောင်ကို ပေါင် ၉၇ နဲ့ ဈေးအကြီးဆုံးဖြစ်ပါတယ်။ ဒီနောက်မှာတော့ ၀က်စ်ဟမ်းက ၉၅ ပေါင်၊ ချဲလ်ဆီးက ၈၇ ပေါင်တို့ အသီးသီးရှိနေပါတယ်။ အဝေးကွင်းပွဲမှာတော့ ၀က်စ်ဟမ်းက ပေါင် ၇၀၊ အာဆင်နယ် ၆၄ နဲ့ ချဲလ်ဆီး ၅၉ ပေါင် အသီးသီး ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up