Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင်း ပစ်ခတ်မှု ရွာသားများ ထိခိုက်ဒဏ်ရာရ
နန်းမြနဒီ
·
September 30, 2015
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင်းမှာ အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့က ပစ်ခတ်မှုကြောင့် လက်နက်စ ထိမှန်တဲ့ ရွာသူတဦး ဆေးရုံ ရောက်လာတယ်လို့ ကျောက်မဲပြည်သူ့ဆေးရုံ တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ “စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၄၀ အချိန်မှာ လက်နက်ထိ ဒဏ်ရာနဲ့ အမျိုးသမီးတဦး ဆေးရုံကို ရောက်လာပါတယ်။ ခေါင်းမှာ တချက်၊ ဘယ်ဘက် နောက်ကျောမှာ တချက်နဲ့ ပေါင်မှာ တချက် စုစုပေါင်း ၃ နေရာပါ။ မနေ့ညက ခွဲစိပ်ကုသဆောင်မှာ ထားပြီး ဒီဆေးရုံမှာ ဦးခေါင်းနဲ့ပတ်သက်ပြီး ကုသတဲ့ ဆရာဝန်မရှိတဲ့အတွက် ဒီနေ့မနက်တော့ မန္တလေးဆေးရုံကြီးကို လွှဲပေးလိုက်ပါတယ်။” ဒဏ်ရာရ အမျိုးသမီးအမည်မှာ ဒေါ်အေးဥ၊ အသက်က ၅၅ နှစ်ဖြစ်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကလောဝိုင်းရွာမှာ နေထိုင်တယ်လို့ ဆေးရုံက ပြောပါတယ်။ ကျောက်မဲဒေသခံ တဦးကတော့ မနေ့က ပစ်ခတ်မှုမှာ ရွာသား ၃ ဦး ဒဏ်ရာရ သွားတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုချက်မရသေးပါဘူး။ ကျောက်မဲမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ကြားမိပေမယ့် အစီရင်ခံစာတက်မလာတာကြောင့် အချက်အလက် ဘာမှမသိရဘူးလို့ ဖြေကြားသွားပါတယ်။ တီအန်အယ်လ်အေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာနားမှာ တအာင်းတပ်ရင်း  ၇၁၇/ ၉၈၇ နဲ့  မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရတပ်ဘက်က ၂ ဦး ကျဆုံးတယ်လို့ ဖော်ပြသွားပါတယ်။ ရွာသားများ ထိခိုက်ဒဏ်ရာရမှုမှာတော့ တာဝန်ခံပြောကြားမယ့်သူ မရှိပါဘူး။ အစိုးရတပ်နဲ့ အမြဲလို ပစ်ခတ်မှုဖြစ်ပွားနေတဲ့ တီအန်အယ်လ်အေဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှသာ လက်မှတ်ရေးထိုးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024