ယီမင် မင်္ဂလာအခမ်းအနားတခုကို လေကြောင်းတိုက်ခိုက်မှု ထိမှန်၊ ၁၃၁ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ယီမင်နိုင်ငံအတွင်း မင်္ဂလာအခမ်းအနားတခုကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့လို့ သေဆုံးသူ ၁၃၁ ဦး ရှိခဲ့တယ်လို့ ဆေးဘက်သတင်းရင်းမြစ်တွေက စက်တင်ဘာ ၂၉ ရက်နေ့က ပြောပါတယ်။ ဒါဟာ ယီမင်ပြည်တွင်းစစ်အတွင်း တကြိမ်တည်းနဲ့ အရပ်သားအများဆုံး သေဆုံးမှုတွေထဲက တခုဖြစ်ခဲ့လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပင်လယ်နီ ကမ်းရိုးတန်းက ရှေးဟောင်းဆိပ်ကမ်းအနီး အယ်လ်ဝါဟီဂျာရွာထဲက တဲတွေကို ဖြတ်သန်းပြီး ဒုံးကျည် ၂ စင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဟူသီသူပုန်တွေကို သစ္စာခံတဲ့ ဒေသခံ အမျိုးသားတဦးက မင်္ဂလာပွဲ ကျင်းနေခဲ့တာပါ။ ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲနေတဲ့ ဆော်ဒီခေါင်းဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က မင်္ဂလာဆောင် ပစ်ခတ်မှုကို ငြင်းဆိုပါတယ်။ ညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရကတော့ ဒေသခံ ပြည်သူ့စစ်တွေက ဒုံးကျည်နဲ့ပစ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဟူသီပြည်သူ့စစ်တွေက ထိန်းချုပ်တဲ့ အယ်လ်မာစီရာ ရုပ်သံက လူတွေ့မေးထားတဲ့ မျက်မြင်သက်သေတွေကတော့ ဆော်ဒီအာရေဗျရဲ့ တိုက်ခိုက်မှုအဖြစ် အပြစ်တင်ပြီး ဟူသီတွေကို တိုက်နေတဲ့ ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်ရဲ့ ဂျက်လေယာဉ်က ပစ်တာလို့ ပြောခဲ့ပါတယ်။ အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆွန်နီမွတ်စလင် အာရပ်ညွန့်ပေါင်းတပ်ဟာ အီရန်နဲ့ မဟာမိတ် ဟူသီတွေကို ပစ်မှတ်ထားပြီး မတ်လတည်းက ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ပွဲ ဆင်နွှဲနေတာပါ။ ဟူသီတွေက အာဏာဖြုတ်ချခဲ့လို့ ထွက်ပြေးရတဲ့ ပြည်ပြေးသမ္မတ မန်ဆူး ဟာဒီကို အာဏာပြန်အပ်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေကလည်း ယီမင်နိုင်ငံအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာတာကို စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။ မတ်လကုန်ကနေ စက်တင်ဘာ ၂၄ ရက်နေ့ထိ လူပေါင်း ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၅၅ ဦးက အရပ်သားတွေလို့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က မြို့တော် ဆာနာမှာ ညွန့်ပေါင်းတပ်တွေက ခြေလျင်နဲ့ လေတပ် အခြေစိုက်စခန်းတွေ အတော်များများရှိရာ နိုင်ငံတကာ လေဆိပ်နားက ပစ်မှတ်တွေကို ညက်ညက်ကျေအောင် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း  သေဆုံး ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up