မြန်မာနိုင်ငံတွင်း တရားမျှတမှုအတွက် ဥရောပသမဂ္ဂမှ ကျပ်သန်း ၃ သောင်း ထောက်ပံ့
ပိုင်စိုး
·
September 30, 2015

မြန်မာနိုင်ငံတွင်း ဆင်းရဲသူတွေ၊ အန္တရာယ် ကျရောက်လွယ်တဲ့ အုပ်စုတွေနဲ့ အသိအမှတ်ပြုမခံရတဲ့ လူနည်းစုတွေ တရားမျှတမှုအတွက် ဥရောပသမဂ္ဂမှ ကျပ်သန်းပေါင်း သုံးသောင်း ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက တရားမျှတမှုတွေကို လက်လှမ်းမီစေဖို့ My Justice ဆိုတဲ့ အစီအစဉ်တစ်ခုကို စတင်နေပြီလို့ စက်တင်ဘာလ ၂၉ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၄ နှစ်ကြာမြင့်မယ့် အဲဒီအစီအစဉ်ကို ဥရောပသမဂ္ဂက ယူရို သန်း ၂၀ (မြန်မာငွေ ကျပ်သန်းပေါင်း သုံးသန်း ) ထောက်ပံ့ပြီး ဗြိတိသျှကောင်စီက စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ် ၆ ခုမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ရန်ကုန်နဲ့ မော်လမြိုင်မှာ ရှေ့ပြေး သုတေသန တွေ စလုပ်နေ ပါပြီ။
ဒီအစဉ်ဟာ လူထုအခြေပြု ပညာပေးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပြီး ပြဿနာတွေကို ဒေသခံတွေကိုယ်တိုင် ဦးဆောင်ဖြေရှင်းတဲ့ နည်းလမ်းတွေကို ပျိုးထောင်ပေးသွားမယ်လို့ အစီအစဉ်ကို ဦးဆောင်သူ မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဟာတရာဥပဒေ မစိုးမိုးတာနဲ့ အဂတိလိုက်စားတာတာမှာ ထိပ်ဆုံးနေရာတွေကို ရောက်နေတာပါ။
“ကျနော်တို့က ငွေကြေးတွေကို ပညာပေးနည်းလမ်းတွေမှာ သုံးမှာ ဖြစ်တဲ့အတွက် ဒီငွေတွေဟာ အဂတိလိုက်စားတာထဲကို ရောက်သွားမှာ မဟုတ်ပါဘူး။ လူတွေကို ပြဿနာတွေဖြစ်လာရင် ရုံးရောက်၊ ဂတ်ရောက် မဖြစ်ခင် ညှိနှိုင်းဖြေရှင်းတဲ့နည်းကို သင်ပေးသွားမှာပါလို့” မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ဒီဗွီဘီရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။