ကုလ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွင် စစ်သည် ၈၀၀၀ ထည့်ဝင်မည်ဟု တရုတ်ပြော

တရုတ်သမ္မတ ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
1.2K
တရုတ်ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်အတွက် စစ်သည်အယောက် ၈၀၀၀ ထည့်ဝင်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။
အာဖရိကသမဂ္ဂအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကိုလည်း လာမယ့် ၅ နှစ်မှာ ပံ့ပိုးမယ်၊ ဒါဟာ အကျပ်အတည်း တုံ့ပြန်ရေးအတွက် လုပ်ဆောင်နိုင်စွမ်း တိုးမြှင့်ဖို့နဲ့ အာဖရိကတပ်ဖွဲ့ တည်ထောင်ရေး ပံ့ပိုးဖို့ ဖြစ်တယ်လို့ တရုတ်သမ္မတက ဆက်ပြောပါတယ်။
တရုတ်ဟာ ကုလသမဂ္ဂ အဖွဲ့အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေရဲ့ အသံတွေ ကြားနိုင်ရေး တိုးမြှင့်ဖို့ ပိုလုပ်မယ်လို့ ပြောပါတယ်။
နိုင်ငံအားလုံးဟာ အချုပ်အခြာအာဏာ အခွင့်အရေးကို လေးစားကြဖို့လည်း ဆော်သြပြီး ကြီးမား အားကောင်း ချမ်းသာတဲ့ နိုင်ငံတွေဟာ အားနည်း ဆင်းရဲတဲ့နိုင်ငံတွေကို အနိုင်မကျင့်ကြဖို့ ထောက်ပြခဲ့ပါတယ်။
ဒါ့ပြင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်ဟာ ဘယ်လောက် ကြီးမားပါစေ တခြားနိုင်ငံတွေအပေါ် လွှမ်းမိုးကြီးစိုးဖို့ သြဇာစွမ်းအားကို တလွဲသုံးမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတက ကတိပြုပါတယ်။
ဒါ့အပြင် အရင် သီတင်းပတ်က အမေရိကန်သမ္မတနဲ့ အမြင်ဖလှယ်ထားတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်အရ တရုတ်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချမယ်လို့ ရှီကျင့်ပင်းက သေချာအောင် ထပ်ပြောပါတယ်။
တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကာဗွန် ထုတ်လွှတ်သူပါ။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရုတ်ဟာ တခြားနိုင်ငံတွေကို ဘေးဖြစ်စေတဲ့ အခြေအနေရှိတဲ့ ကာဗွန်ထုတ်လွှင့်မှု ဖြတ်တောက် လျှော့ချရေး ကတိပေးဖို့ မလိုသေးပါဘူး။