လူ ၂ ဦးသေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရသည့် ထိုင်ဝမ် တိုင်ဖွန်းမုန်တိုင်း (ရုပ်သံ)

6.2K
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ထိုင်ဝမ်မှာ စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက ဒူဂျူအန်အမည်ရ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတလုံး ၀င်ရောက်ခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမုန်တိုင်းဟာ မနေ့က ညပိုင်းမှာ ၃ နာရီကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး လေရောမိုးပါ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီ ဒူဂျူအန် တိုင်ဖွန်းမုန်တိုင်းကို ထိုင်ဝမ်မိုးလေ၀သအေဂျင်စီက စက်တင်ဘာ ၂၇ ရက်နေ့က အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းအဖြစ် အဆင့်မြှင့် သတ်မှတ်ထားပြီး တခြားမိုးလေ၀သဌာနတွေကတော့ ဆူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားခဲ့တာပါ။
မုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံးမှု အပါအ၀င် လူပေါင်း ၃၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တောင်တက်သမား ၆ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ထိုင်ဝမ်ဗဟိုသတင်းအေဂျင်စီက စက်တင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ အိမ်ထောင်စု စုစုပေါင်း ၇ သိန်း ၁ သောင်းဟာ လျှပ်စစ်မီးမရရှိဘဲ နေထိုင်ကြရပြီး အိမ်ထောင်စု ၃ သိန်း ၇ သောင်းကတော့ ရေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။
ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတလုံး ၀င်ရောက်ခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ကာ အိမ်ထောင်စုပေါင်း ၄ သန်းလောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ရပါတယ်။