Home
ဆောင်းပါး
မူလတန်းအဆင့် ကလေးအရည်အသွေးနဲ့ နိုင်ငံတော်အဆင့် စီမံနေမှုများ နိဋ္ဌိတံဖို့
DVB
·
September 29, 2015
ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းက စာရေးသူရဲ့ အဖွားက သူ့မြေးတွေကို ခဏခဏ တဖွဖွ ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ “ဟဲ့ ငါ့မြေးတွေ ဓါးမနောက်ပိတ်ခွေး မဖြစ်စေနဲ့နော် .. ဖြည့်ဆည်းကြ၊ ဆည်းပူးကြ၊ အားထုတ်ကြကွဲ့” ဆိုတဲ့ စကားပါပဲ။ ဓါးမတချောင်းရဲ့ နောက်ပိတ်မှာ တပ်ထားတဲ့ သံခွေလေးနောက်မှာ ဘာမှမရှိတော့ပါဘူး။ အဲ့ဒီလိုပါပဲ လူရယ်လို့ဖြစ်လာတဲ့အခါ အောက်ကျနောက်ကျ မဖြစ်အောင် လေ့လာဆည်းပူးကြ၊ အရည်အသွေးမြှင့်တင်ကြ ဆိုတဲ့ သဘောပါပဲ။ ဒီနေရာမှာ လူ့အောက်ကျ နောက်ကျ မဖြစ်ဖို့ဆိုပြီး ကောက်ကျစ်ယုတ်မာ ခိုးဆိုးပြီး ချမ်းသာအောင် လုပ်ရမယ်လို့ မဆိုလိုပါဘူး။ အရည်အသွေးမြှင့်တင်ကြဆိုတဲ့နေရာမှာ ရုပ်ပိုင်းအရည်အသွေးအပြင် စိတ်ပိုင်းအရည်အသွေး၊ ကိုယ်ကျင့်သီလ အရည်အသွေးကိုပါ မြှင့်တင်ရမှာပါ။ လူ့လောကမှာ အရည်အသွေးနိမ့်ကျတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဘယ်တော့မှ တန်ဖိုးထားခြင်း မခံရပါဘူး။ ဘယ်သူမဆို ဖြစ်နိုင်မယ်၊ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူမဆို အရည်အသွေးမြင့်မားတဲ့ ပစ္စည်းတွေကိုသာ ရယူပိုင်ဆိုင် သုံးစွဲချင်ကြတာပါပဲ။ အဲ့ဒီလိုပါပဲ အရည်အသွေးညံ့ဖျင်းတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း၊ တိုင်းနိုင်ငံတွေဆိုတာ လူတွေရဲ့လေးစားမှုကို ဘယ်တော့မှ မခံရဘူး။ အထင်သေးခံရမယ်၊ နှိမ့်ချဆက်ဆံခြင်းသာ ခံကြရလိမ့်မယ်။ ဒါကြောင့် ဆန်းသစ်မှုတွေကို စဉ်ဆက်မပြတ် တောင်းဆိုနေတဲ့ ဒီနေ့ ၂၁ ရာစုခေတ်ရဲ့ ကမ္ဘာပုံအလယ်မှာ မျက်နှာမငယ်ရအောင်၊ တင့်တင့်တယ်တယ် နေရာတခုရဖို့၊ လူတိုင်းလူတိုင်းဟာ မိမိကုန်ပစ္စည်းတင်မက၊ မိမိရော၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံရဲ့ အရည်အသွေးကိုပါ ထိတ်တန်းမှာရှိနေဖို့ အစွမ်းကုန် အားထုတ်နေကြရတာ မဟုတ်လား။ အဲ့ဒီလို လူတိုင်းလူတိုင်း၊ နိုင်ငံတိုင်းက အပြိုင်အဆိုင် သူ့ထက်ငါ တိုးတက်အောင်၊ အရည်အသွေးတွေ ပိုလို့ပိုလို့ မြင့်မား ကောင်းမွန်လာအောင် ကြိုးပမ်းနေကြတဲ့အချိန်မှာ၊ တို့နိုင်ငံကတော့ အဘက်ဘက်မှာ အရည်အသွေးတွေ ဆုတ်ယုတ်ကျဆင်းလာနေတဲ့အပြင် တာဝန်ရှိသူတွေဟာ သူတို့အမှားကို တာဝန်မခံဘဲ လမ်းမှားပေါ်မှာ ဆက်လျှောက်နေဆဲပဲ မဟုတ်လား။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ နှစ်ပေါင်း ၅၀ ကျော်အောင် လူမဆန်တဲ့ ဖိနှိပ်မှုတွေကို မချိမဆန့် ခံခဲ့ရတော့ မြန်မာနိုင်ငံသား  အများစုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ နိမ့်ကျကျန်ရစ်ခဲ့သလို တိုင်းပြည်အနေနဲ့လည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး စတဲ့ ရှိရှိသမျှ ကဏ္ဍတိုင်းမှာ အရည်အသွေးတွေ ကြောက်ခမန်းလိလိ အဘက်ဘက်မှာ လျှောကျသက်ဆင်းခဲ့လို့ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်များ စာရင်းဝင် ဖြစ်ခဲ့တာ မဟုတ်လား။ အရည်အသွေးနိမ့်ပါးတဲ့ ၀န်းကျင်ဘ၀တွေထဲမှာ ကျန်းမာရေးအသိ ချို့ငဲ့ခဲ့ရပြီး အာဟာရ မပြည့်ဝတဲ့၊ စားသုံးရန် မသင့်တော်တဲ့ အစားအစာတွေကိုသာ နှစ်ရှည်လများ မှီဝဲရှင်သန်ခဲ့ရတော့ မြန်မာနိုင်ငံသား အများစုဟာ ယေဘုယျအားဖြင့် လူ့သက်တမ်း တိုသွားရတဲ့အပြင် ရောဂါဘယ စုံလင်စွာနဲ့  အသွေးအသားတွေ ခန်းခြောက် လူရုပ်ပျောက်လုပြီ။ လူထုဆန္ဒမပါဘဲ တို့တိုင်းပြည်ကို ဇွတ်အုပ်ချုပ်နေတဲ့ လက်ရှိစစ်တပိုင်းအစိုးရရဲ့ အရည်အသွေးကို ကြည့်လိုက်ပြန်တော့ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ လူထုကြားမှာ ပြောတဲ့စကားတွေ၊ အကျင့်အကြံတွေအကြောင်း သတင်းဂျာနယ်တွေကတဆင့် ဖတ်ရရုံနဲ့တင် သူတို့ရဲ့ အရည်အသွေးတွေ အလွန်နိမ့်ကျတာကို အထူးထပ်ရေးပြစရာ မလိုတော့ပါဘူး။ ပြည်သူလူထုအမြင်မှာ အထင်မြင်သေးစွာ ရယ်မောလှောင်ပြောင်စရာ တပုံတပင် ဖြစ်ခဲ့တာ မဟုတ်လား။ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၅ နှစ်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးကို ကြည့်လိုက်ပြန်ရင်လည်း အခြေခံကျပြီး တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ လယ်ယာမြေသိမ်း ပြဿ နာဖြေရှင်းရေး စတာတွေ တခုမှ မယ်မယ်ရရ ပီပီပြင်ပြင် ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ဒါပေမယ့် လူပြိန်းကြိုက်၊ အရည်အသွေးနိမ့်ကျတဲ့ အပေါ်ယံ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြခဲ့တယ်။ သူတို့ကိုယ်တိုင် ဈေးကြီးအောင်လုပ်ထားတဲ့ သိန်းဆယ်ဂဏန်းချီတဲ့ လက်ကိုင်ဖုန်းတွေကနေ ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်တွေအဖြစ် မျက်လှည့်ဆရာတွေလို ပြောင်းပြခဲ့တယ်။ နိုင်ငံတကာ အကူအညီရအောင်၊ ကျေးဇူးအတင်ခံရအောင်၊ နိုင်ငံရေးအကျဉ်းသားတွေ တတိတိလွှတ်ပြီး တအိအိပြန်ဖမ်းတယ်၊ မီဒီယာဥပဒေထုတ်ပြီး သတင်းထောက်တွေကို ခြိမ်းခြောက်ဖမ်းဆီး ထောင်ချတယ်။ ပညာရေးဥပဒေပြဋ္ဌာန်းရင်း ကျောင်းသားတွေကို ကတိတွေပေး၊ လှည့်ဖျားပြီး ရိုက်နှက်ဖမ်းတယ်၊ အငြင်းပွားရမယ့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပြ၊ အမျိုးဘာသာ သာသနာလို့ ကြွေးကြော်ရင်း သူတို့အလိုမလိုက်တဲ့ သံဃာတွေကို ရိုက်နှက်ဖမ်းဆီး လူဝတ်လဲတယ်။ ဒီတော့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးက ဘာနဲ့တူသလဲဆိုရင် ပြိုကျလုဆဲဆဲ အိမ်အိုဟောင်းကြီးကို အခြေခံအုတ်မြစ်တွေမချ၊ ဆွေးလို့ လဲရမဲ့ တိုင်တွေမလဲ၊ ကျိုးတော့မယ့် ထုတ်ယောက်ဒိုင်းမြားတွေ မပြောင်းဘဲ ဟိုအခန်းလေးအကာတပ်၊ ဒီအကန့်လေးဆေးသုတ်၊ အရည်အသွေးနိမ့်တဲ့ အပေါ်ယံ အပြောင်းအလဲတွေနဲ့ တို့တိုင်းပြည်ကို ၅ နှစ် ထပ်နောက်ကျကျန်ရစ်စေခဲ့တာပဲ။ တကယ်စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ရင် ၅ နှစ်ဆိုတဲ့ ကာလဟာ အခြေခံအုတ်မြစ်ကောင်းကောင်းချဖို့ လုံလောက်ပါတယ်။ အခုဟာက ဒုံရင်းကဒုံရင်းပဲ။ မမြင်ဘူး မူးမြစ်ထင်သူတချို့ ကောင်းချီးပေးနေတဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေဟာ အချိန်မရွေး လွယ်လင့်တကူ ဖျက်သိမ်းပစ်လို့ ရတာတွေချည်းပါပဲ။ လူတချို့က ပြောကြတယ်၊ ဦးသိန်းစိန်ဟာ ရိုးသားတဲ့သူပါပေါ့။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီမျက်နှာဖုံး စွပ်ပေးမယ့် လမ်းပြမြေပုံရဲ့ လိုအပ်ချက်အရ သူ့လိုနာမည်ပျက်နဲ့ လွန်လွန်ကဲကဲ တိုင်းပြည်ဘဏ္ဍာခိုးယူ ချမ်းသာနေသူကို ရုပ်ပြအနေနဲ့ တင်လို့မရတာ ကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်ကို ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် လူရိုးလူကောင်းတိုင်းဟာ လူမှန်မဟုတ်နိုင်သလို ရပ်တည်ချက်မှားပြီး ဖိနှိပ်သူကို ကာကွယ်သူဟာ ဘယ်လောက်ရိုးရိုး နိုင်ငံနဲ့ ပြည်သူ့အတွက် အဆိပ်အတောက်ဖြစ်တော့တာ မဟုတ်လား။ ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေနဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် မသေသင့်ဘဲ တိုင်းသူပြည်သား သိန်းဂဏန်းချီ သေကျေပျက်စီး ဆင်းရဲဒုက္ခရောက်အောင် နှိပ်စက်ခဲ့တဲ့ နအဖခေတ် နာဂစ်မုန်တိုင်းကာလမှာ ၀န်ကြီးချုပ်တာဝန် ယူခဲ့သူပါ။ ဒီထက်ပိုဆိုးတာက နိုင်ငံတခုလုံးကို ထိပ်တုံးခတ်သလို စစ်ကျွန်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ သဘာပတိနေရာ ယူခဲ့သူ မဟုတ်လား။ ဒီဘက်ခေတ်မှာလည်း လက်ပံတောင်းတောင်ကိစ္စမှာ သံဃာတော်တွေအပေါ် ရက်ရက်စက်စက် ဖြေရှင်းခဲ့တာ မဟုတ်လား။ ဒီတော့ ရိုးသားတာတို့ ပညာတတ်တာတို့ဆိုတာ ရပ်တည်ချက်မှားပြီး ဖိနှိပ်သူ အာဏာရှင်ရဲ့ အသုံးချခံရတဲ့အခါ ဘာမှ တန်ဖိုးမရှိတော့ပါဘူး။ အခုနောက်ဆုံး လူပြောများပြီး ရှက်စရာကောင်းလောက်အောင် အရည်သွေးနိမ့်ကျမှု ဖြစ်စဉ်ကတော့ အမှားပေါင်း ကုဋေကုဋာနဲ့ ထပ်တလဲလဲမှားနေတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကမ္ဘာကျော် မဲစာရင်းမှားယွင်းမှုကြီးပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းများ မှန်ကန်မှုကို ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်တယ်ဆိုရင် နုတ်ထွက်ပေးဖို့နဲ့ ဒီအတွက် တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်လာဖို့ သံသယများ ရှိနေတယ်လို့ အနုပညာရှင်တချို့က စက်တင်ဘာ ၂၀ ရက်နေ့က ရှန်ဂဟီလာဟိုတယ်မှာ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ အခမ်းအနားမှာ ဝေဖန်လိုက်တဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ ပထမအကြိမ် မဲစာရင်းထုတ်ပြန်တုန်းကလည်း အမှားတွေက ဗလပျစ်။ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်တော့လည်း ပထမအကြိမ်ထက် ပိုဆိုးပြီး ပက်ပက်စက်စက်မှားတာဟာ မူလတန်းအဆင့်ကလေး နိုင်ငံတော်အဆင့် စီမံကိန်းကြီးကို ၀င် အကောင်အထည်ဖော်သလို ဖြစ်ခဲ့တာပါ။ မရှိတဲ့သူ မဲအပိုတွေပါနေတာ၊ ပါပြီးသားလူတောင် ပြန်ပါမလာတာ၊ သေဆုံးပြီးသူတွေ ပြန်ပါနေသေးတဲ့အပြင် ရွာလုံးကျွတ် စာရင်းပျောက်တာမျိုး ကြီးကြီးမားမား အမှားတွေ ထပ်ပါနေတုန်းဆိုတော့ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အရည်အသွေးနိမ့်ကျမှု သက်သက်တင် မကတော့ဘူး “တမင်ညစ်ပတ်မှု” လို့တောင် ပြည်သူတွေက သုံးသပ်ယူဆနေကြပြီ မဟုတ်လား။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ဟာ သူတို့အမှားကို ၀န်မခံ၊ တာဝန်မယူလိုတော့ ဒီလိုမဲစာရင်းအမှားတွေ ဖြစ်ရတာကို “ကွန်ပျူတာအပေါ် အပြစ်ပုံချလိုက်တော့ ပိုဆိုးသွားတယ်။ မိမိနဲ့ မိမိအဖွဲ့ အရည်အသွေး ညံ့ဖျင်းတာကို ရှင်းရှင်းဝန်မခံဘဲ သက်မဲ့စက်အပေါ် သတ္တုချလိုက်တာဟာ ကိုယ့်အမှားကို တာဝန်မခံရဲတဲ့ ဘယာဂတိကြီးမှားမှု၊ သတ္တိမရှိမှုကို သက်သေပြလိုက်တာပါပဲ။ ဒီနေရာမှာ ကြားဖြတ်လို့ အရည်အသွေး (Quality) အကြောင်း နည်းနည်းပြောချင်ပါတယ်။ အရည်အသွေး (Quality) နဲ့ ပတ်သက်ရင် လူတဦးရဲ့အမြင်နဲ့ တခြားတယောက်ရဲ့အမြင် တူချင်မှ တူနိုင်မှာပါ။ လူတဦးချင်းစီ ဖြတ်သန်းကြီးပြင်းခဲ့ရတဲ့ ၀န်းကျင်နဲ့ ဘ၀အတွေ့အကြုံ၊ ဓလေ့ထုံးတမ်း၊ ဆည်းပူးခဲ့တဲ့ ပညာဉာဏ်တွေက ပြဋ္ဌာန်းလိုက်တာချင်း မတူတာမို့ အရည်အသွေး (Quality) အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စံသတ်မှတ်ချက်တွေလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းတခုလုံးရဲ့ အရည်အသွေး (Quality) နဲ့ ပတ်သက်လာရင် နိုင်ငံတကာက စနစ်တကျ သတ်မှတ်ထားတဲ့ စံရည်စံညွှန်းတွေနဲ့သာ အကဲဖြတ်ရမှာပါ။ လူပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး (Quality) နဲ့ ပတ်သက်လာရင် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်၊ စိတ်ဓာတ်အရည်အချင်း၊ အကျင့်သီလ စရိုက်သဘာဝ ကြန်အင်လက္ခဏာ စတာတွေကို လူ့အဖွဲ့အစည်းရဲ့တန်ဖိုး၊ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာပြောဆိုကြတယ်။ လူသုံးကုန်ပစ္စည်းတွေ၊ ကုန်ထုတ်လုပ်ငန်း၊ စီးပွားရေး စီမံခန့်ခွဲမှု၊ နိုင်ငံအုပ်ချုပ်ရေး စတာတွေနဲ့ ပတ်သက်တဲ့ အရည်အသွေးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ ကုန်ပစ္စည်းအမျိုးအစား၊ ဘာသာရပ် အကြောင်းအရာပေါ် မူတည်ပြီး ရှုထောင့်မျိုးစုံကနေ အဓိပ္ပာယ်ဖွင့်ကြတယ်။ တချို့က အရည်အသွေး (Quality) ဆိုတာ “လိုအပ်ချက်၊ သတ်မှတ်ချက်တွေအတိုင်း ကိုက်ညီနေတာ” လို့ဆိုတယ် (Quality is defined as conformance to requirements.)။ တခါတရံမှာ အရည်အသွေး (Quality) ဆိုတာ “အပြစ်အနာအဆာ  ကင်းစင်မှုအတွက် အတိုင်းအတာပြမှု” လို့ ဆိုပြန်သေးတယ် (Quality is a measure of excellence or a state of being free from defects.)။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၂ က အမျိုးသားစံရည်စံညွှန်း အဖွဲ့စည်းတွေရဲ့ အသိမှတ်ပြုခံရတဲ့ အိုင်အက်စ်အို (ISO - International Organization for Standardization) အရည်အသွေး (Quality) အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ “လိုအပ်ချက်အစုံ၊ စံထားသတ်မှတ်ချက်တစုံအပေါ် ပါရှိလာတဲ့ အမွေခံ စွမ်းဆောင်ရည်တစုံရဲ့ ဖြည့်ဆည်းနိုင်မှု အတိုင်းအတာပမာဏ” လို့ ဆိုထားပါတယ် (The degree to which a set of inherent characteristics fulfills a set of requirements.)။ ကဲ ဒီတော့ အိုင်အက်စ်အို (ISO 9000 - 2005) ရဲ့ အရည်အသွေး (Quality) အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရွေးကောက်ပွဲကော်မရှင် အပါအ၀င် လက်ရှိအစိုးရရဲ့ အရည်အသွေးအပေါ် အကဲဖြတ်ကြည့်ရအောင်။ ၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတဖို့အတွက် လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာထဲမှာ အဓိကလိုအပ်ချက် ၄ ချက် (a set of requirements) ရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) မဲစာရင်းမှန်ကန်တိကျဖို့၊ (၂) မဲဆွယ်ကာမှာ သန့်ရှင်းရိုးသားစွာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်စေဖို့၊ (၃) မဲပေးတဲ့ကာလမှာ သန့်ရှင်းစွာ မဲပေးနိုင်စေဖို့၊ (၄) မဲရေတွက်ရာမှာ သန့်ရှင်းစင်ကြယ်ဖို့ စတာတွေပါပဲ။ အခုလောလောဆယ် ထွက်နေတဲ့ ရလဒ်တွေကို ကြည့်လိုက်ပါ။ ပထမအချက်မှာတင် အရည်အသွေး မပြည့်မီပါဘူး။ အခြေခံအကျဆုံး မဲစာရင်းကိုတောင် အဂတိကင်းကင်းနဲ့ လုပ်ဆောင်မပေးနိုင်ပါဘူး။ မဲစာရင်းက ၃၀ ရာခိုင်နှုန်းပဲ အာမခံတယ်လို့ ပြောတယ်။ ပြည်သူတွေရဲ့ မွေးရာပါ ရပိုင်ခွင့်ဖြစ်တဲ့ ရွေးချယ်တင်မြှောက်ခံခွင့်နဲ့ ရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း လုယူသိမ်းပိုက် မဲဓားပြတိုက်မှုပါ။ ဒုတိယအချက်လည်း အရည်အသွေး မပြည့်မီပြန်ပါဘူး။ အခုမဲဆွယ်ကာမှာ သံဃာတချို့နဲ့ လူတချို့ ဘာသာရေးကို အသုံးချပြီး မရိုးသားစွာ မဲဆွယ်စည်းရုံး ခြိမ်းခြောက်နေတာကို အရေးမယူဘဲ လွှတ်ပေးထားတာမဟုတ်လား။ ဒီပုံအတိုင်းဆက်သွားရင် တတိယအချက်နဲ့ စတုတ္ထအချက်မှာလည်း အရည်အသွေး မပြည့်မီမှာ သေချာသလောက် ရှိပါတယ်။ ဒါကို ဆက် လက်ခံနေလို့ မဖြစ်ပါဘူး။ ဓားမနောက်ပိတ်ခွေး အရည်အသွေးနဲ့ နိုင်ငံတော်အဆင့် စီမံနေမှုတွေကို ရပ်တန့်ပစ်နိုင်အောင် အရည်အသွေး မပြည့်မီတဲ့ ဦးသိန်းစိန် အစိုးရနဲ့ စစ်အာဏာရှင် အပေါင်းအပါတွေကို လက်ရှိအစိုးရတာဝန်ကနေ မဖြစ်မနေ ဖယ်ရှားဖို့ လိုပါတယ်။ ကျနော်တို့နဲ့ ကျနော်တို့ရဲ့ လူမှုဘ၀တွေ အရည်အသွေး ပြည့်မီလာဖို့၊ တိုင်းပြည်ရဲ့ အနာဂတ်ကို နိုင်ငံတကာ စံရည်စံညွှန်းတွေနဲ့အညီ အရည်အသွေး ကောင်းမွန်လှပလာဖို့၊ စစ်အာဏာရှင်မျိုးဆက်သစ် စစ်ဂျပိုး လူဂျပိုးတွေ ထပ်မံပေါက်ပွားပြီး တို့တိုင်းပြည်ကို ဆက်ပြီး ကျွန်မပြုနိုင်အောင် စစ်အာဏာရှင် သားကြောဖြတ်ပစ်နိုင်တဲ့ တခုတည်းသောနည်းလမ်းက စစ်တပ်ကို ဘားတိုက်ထဲ သိက္ခာရှိရှိ ပြန်နိုင်စေဖို့ပဲ။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဘုရားဟောတရားနဲ့ညီတဲ့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ တပ်မတော်ကို လူတစုလက်ထဲက ပြန်ယူပြီး လူထုလက်ထဲ မိဘအရင်းထံ ပြန်အပ်ရမှာပါ။ အဲ့ဒီအလုပ်ကို လုပ်နိုင်တဲ့ တခုတည်းသောပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပဲ ဖြစ်ပါတယ်။ တခြား ဘယ်ပါတီ အကြီးအငယ်မှာမှ အထက်ပါ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရည်အသွေး မပြည့်မီပါဘူး။ ကျနော်တို့ နိုင်ငံသားတွေနဲ့ တိုင်းပြည်ဟာ အရည်အသွေး မပြည့်မီတဲ့ အခြေအနေ ဘ၀ဆိုးတွေနဲ့ အောက်ကျနောက်ကျ နေလာရတာ နှစ်ပေါင်း ၅၀  ကျော်ခဲ့ပါပြီ။ ဒီအခြေအနေကို ပြတ်ပြတ်သားသား ပြောင်းလဲပစ်ဖို့ အချိန်ရောက်နေပါပြီ။ လူမျိုးရေး၊ ဘာသာရေး ခြောက်လုံးလှန့်လုံးတွေနဲ့ ခေါင်းရှုပ်မခံပါနဲ့၊ မတွေဝေကြပါနဲ့တော့။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် အရည်အသွေးပြည့်မီတဲ့ ပြောင်းလဲရေးတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည့်ပြည့်၀၀ ထမ်းဆောင်နိုင်ဖို့ လာမယ့် နိုဝင်ဘာ ၂၀၁၅  အထွေထွေရွေးကောက်ပွဲကြီးမှာ အန်အယ်လ်ဒီကို ပုံအောမဲပေးရမှာက အမှန်တရားကိုမြတ်နိုးတဲ့ ပြည်သူပြည်သားတိုင်းအတွက် ဒီနေ့ခေတ်ရဲ့ အကြီးကျယ်ဆုံး သမိုင်းပေး မဟာတာဝန်ကြီးတရပ် ဖြစ်ပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။ မင်းကောင်းချစ် စက်တင်ဘာ (၂၆) ရက် ၊ ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024