အာဖဂန်မြောက်ပိုင်း ခွန်ဒုစ်မြို့ကို တာလီဘန်များ စီးနင်းပြီး ထောင်များ ဖွင့်ပေး (ရုပ်သံ)

3.3K
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက အချက်အချာကြတဲ့ ခွန်ဒုစ်မြို့(Kunduz)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က တာလီဘန်တွေ ၀င်ရောက်စီးနင်းခဲ့ပြီး မြို့နေရာအများစုကို သိမ်းပိုက်ထားတယ်လို့ အာဖဂန် စစ်တပ်က ပြောဆိုပါတယ်။
မြို့ကို အရပ်မျက်နှာအစုံက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ထောင်ကိုလည်း ဖွင့်ပေးခဲ့လို့ တာလီဘန်တွေ အပါအ၀င် အကျဉ်းသား ၅၀၀ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ခွန်ဒုစ်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး တာလီဘန်အဖွဲ့ကွဲတွေ အချင်းချင်းပူးပေါင်းပြီး အရှိန်မြှင့် တိုက်ခိုက်လာခဲ့ပြီး ၂၀၀၁ တာလီဘန်အစိုးရပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံးပြည်နယ်မြို့တော်တခု အခုလို တိုက်ခိုက်သိမ်းပိုက်ခံရတာပါ။
တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်နေပြီး လေဆိပ်မှာ အာဖဂန်တပ်ဖွဲ့တွေ အင်အားပြန်လည် စုစည်း နေတယ်လို့ တာလီဘန်စစ်တပ်က ပြောဆိုပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမား ၂၅ ဦးနဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ခွန်ဒုစ်မြို့ရဲမှူးကြီး ကပြောဆိုပါတယ်။
တိုက်ပွဲဝင်အင်အား အလုံလောက်ရှိပြီး အကုန်တိုက်ခိုက်မောင်းထုတ်မယ်လို့ ရဲမှူးကြီးက ပြောဆို ပါတယ်။
မြို့အာဏာပိုင်တွေ မြို့လေဆိပ်ကနေတဆင့် ထွက်ပြေးနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီ ခွန်ဒူစ်းမြို့ဟာ ၂၀၀၁ တာလီဘန်အစိုးရ အဖြုတ်ချမခံရစဉ်က အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ တာလီဘန်တွေ ရဲ့ အဓိကကျတဲ့ အမာခံမြို့တော် ဖြစ်ခဲ့တာပါ။
ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျပြီး နိုင်ငံရဲ့ ဆန်ရေစပါး ထက်ဝက်လောက်ကို ထောက်ပံ့ပေးနေတဲ့ပြည်နယ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်အများစု ပြန်လည်ရုပ်သိမ်းသွားပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံတ၀န်း တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်လည်မြင့်တက်လာတာပါ။