စပိန် ကာတာလိုးနီးယားပြည်နယ် ရွေးကောက်ပွဲ ခွဲထွက်ရေးလိုလားသည့်ပါတီများ အနိုင်ရ

ရွေးကောက်ပွဲအပြီး အောင်ပွဲခံနေသည့် ကာတာလိုးနီးယားပြည်နယ်သမ္မတ Artur Mas (လယ်) နှင့် ထောက်ခံသူများ။ (ဓာတ်ပုံ - ရိုက်တာ)
စပိန်နိုင်ငံ၊ ကာတာလိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲမှာ ဘာစီလိုနာမြို့နဲ့ ကာတာလိုးနီးယားပြည်နယ် ခွဲထွက်ရေး လိုလားတဲ့ အမျိုးသားရေးပါတီတွေက ပြတ်ပြတ်သားသား အနိုင်ရရှိသွားပါတယ်။ စက်တင်ဘာ ၂၇ ရက်ညအထိ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာတော့ ခွဲထွက်ရေး ညွန့်ပေါင်းပါတီက လွှတ်တော်မဲနေရာ ၁၃၅ နေရာမှာ ၇၂ နေရာ အနိုင်ရရှိခဲ့တာပါ။ အခုလို အနိုင်ရရှိခဲ့ရင် ၁၈ လအတွင်း ကာတာလိုးနီးယားပြည်နယ်ကို စပိန်နိုင်ငံကနေ တဖက်သတ် လွတ်လပ်ရေး ကြေညာမယ်လို့ ညွန့်ပေါင်းပါတီတွေက ရွေးကောက်ပွဲ မတိုင်ခင် အခိုင်အမာ ပြောဆိုထားတာပါ။ စပိန်ဗဟိုအစိုးရကတော့ အဲ့ဒီကြိုးစားမှုကို ပြတ်ပြတ်သားသား ပိတ်ပင်တားမြစ်မယ်လို့ ယတိပြတ် ပြောဆိုထားပါတယ်။ ကာတာလိုးနီးယားပြည်နယ် သမ္မတ Artus Mas က မဲအားလုံးနီးပါး ရေတွက်အပြီး စက်တင်ဘာ ၂၇ ရက်ညမှာ ထောက်ခံသူတွေနဲ့ အောင်ပွဲခံ နှုတ်ဆက်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ကာတာလိုးနီးယားပြည်နယ် လွတ်လပ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဒေသခံ လူထုစစ်တမ်းတွေအရတော့ ကာတာလိုးနီးယားပြည်နယ် ဒေသခံအများစုက ခွဲထွက်သင့်မသင့် လူထုဆန္ဒ ခံယူလိုကြပေမယ့် တကယ်တမ်း စပိန်နိုင်ငံက ခွဲထွက်ဖို့ကတော့ မဲပြတ်ပြတ်သားသား မကွာတာ တွေ့ရှိရပါတယ်။ စက်တင်ဘာ ၂၇ ရွေးကောက်ပွဲမှာ ပြည်နယ်လူဦးရေရဲ့ ၄ ပုံ ၃ ပုံဖြစ်တဲ့ လူဦးရေ ၅ သန်းခွဲ မဲပေးခွင့် ရရှိကြတာပါ။ ရွေးကောက်ပွဲအပြီး မက်ဒရစ်မြို့ခံတွေ ပြောဆိုတာကတော့ အခုလို ကာတာလိုးနီးယားပြည်နယ် ခွဲထွက်ရေး ကြိုးစားမှုဟာ ကာတာလိုးနီးယားပြည်နယ်အတွက် အကောင်းထက် အဆိုးကိုပဲ ပိုပြီး ဦးတည်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up