Home
မေးမြန်းခန်း
စုစုစည်းစည်းနဲ့ ရပ်တည်နိုင်ရင်တော့ အလားအလာအကောင်းဆုံးပဲ - နိုင်ဟံသာ
DVB
·
September 28, 2015
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စုဝေးပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးရေး ဆိုင်ရာကိစ္စကို စတင်ဆွေးနွေးကြပါတယ်။ အစိုးရက ၁၅ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးမယ်လို့ ပြောဆိုထားရာက ဒီလဆန်းပါ နောက်တဖွဲ့ကိုပါ လက်မှတ်ထိုးနိုင်အောင် ကတိပြုခဲ့ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ တနိုင်ငံလုံး သဘောဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ မချန်ထားဘဲ အားလုံးပါဝင်ရေးထိုးဖို့ လိုလားနေကြတာပါ။ ချင်းမိုင်မှာ ကျင်းပတဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ သုံးရက်ကြာ ကျင်းပဖို့ရှိပြီး လက်မှတ်ရေးထိုးရေး ကိစ္စကို ယတိပြတ် ဆုံးဖြတ်ကြဖွယ်ရှိပါတယ်။ အစည်းအဝေးမတိုင်ခင် မိနစ်ပိုင်းအကြာမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ဟံသာကို ဒီဗွီဘီသတင်းထောက် ကိုအောင်ထွန်းမြင့်က တွေ့ဆုံမေးမြန်းထားပါတယ်။ စက်တင်ဘာလဆန်းပိုင်းက သမ္မတနဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့ကြပြီးနောက် ဒီထိပ်သီးဆွေးနွေးပွဲကျင်းပတာဟာ ထူးခြားမယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အန်ကယ့်မှတ်ချက်လေး အရင်သိပါရစေ။ “အဓိကကတော့ သမ္မတနဲ့ သွားတွေ့ပြီးတဲ့နောက်ပေါ့လေ ထိပ်သီးခေါင်းဆောင်များနဲ့ အဖွဲ့ပေါင်းစုံနဲ့ ဒီမှာ အခြေအနေကိုတင်ပြမယ်။ အဲဒီအပေါ်မှာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဘယ်လို ဆက်လုပ်သွားရင်ကောင်းမလဲဆိုတဲ့ဟာကို ဆုံးဖြတ်ပေးဖို့ပါ။” ဒီကနေ့ပွဲမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေရော နည်းနည်းလောက် သိခွင့်ရှိမလားခင်ဗျ။ “အဓိကကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ပေါ့ဗျာ ဟိုမှာသွားညှိတယ် ဒါပေမယ့် ကျနော်တို့ဘက်ကတောင်းဆိုတဲ့ အချက်အားလုံး မရဘူးဗျာ။ အနည်းအကျဉ်း လောက်ပဲ၊ မရေရာဘူးပေါ့ဗျာ။ အဲဒီအပေါ်မှာ လက်မှတ်ထိုးမလား၊ မထိုးဘူးလားဆိုပြီးတော့ ဆုံးဖြတ်ပေးဖို့ပဲ။” အန်ကယ်ပြောသွားတဲ့ မရေရာဘူးဆိုတဲ့ထဲမှာ ဘယ်အပိုင်းတွေက အခက်အခဲဖြစ်စေတာလဲ။ “ကျနော်တို့ဘက်ကတောင်းဆိုတာကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေး၊ အဲဒီထဲမှာ တကယ်လို့ အားလုံးမပါနိုင်ရင်တောင် အန်စီစီတီ (တပြည်လုံး အပစ်ခတ်ရပ်စဲမှု ညှိနှိုင်းရေးအဖွဲ့)တို့၊ အက်စ်ဒီ (အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့)တို့ အဖွဲ့ဝင် အားလုံးပါဝင်ရေးကို ကိုယ်တို့က တောင်းဆိုတယ်။ အဲဒါကို အစိုးရဘက်က လက်မခံသေးဘူး။ လက်မခံတာကတော့ ၂ မျိုးရှိတာပေါ့လေ။ အေအန်စီ (ရခိုင်အမျိုးသားကောင်စီ) တို့၊ အယ်လ်ဒီယူ (လားဟူဒီမိုကရက်တစ်ယူနီယံ) တို့၊ ဒဗလျူအန်အို (၀အမျိုးသားအဖွဲ့ချုပ်) တို့ဆိုရင် သူတို့ အနေနဲ့တော့ ဒါက ဆွေးနွေးပွဲကို တက်လို့ရတယ်။ ကျန်တဲ့ ၃ ဖွဲ့ပေါ့နော်။ ကိုးကန့်ရယ်၊ အေအေ (ရခိုင်တပ်မတော်) ရယ်၊ ပလောင် (ပလောင် လွတ်မြောက်ရေးတပ်ဦး) ရယ်ကတော့ သူတို့ သီးခြားစီပေါ့လေ ကိုင်တွယ်သွားရမယ် ဆိုပြီးတော့မှ အဲလိုပြောတယ်။ သူတို့အတွက်ကတော့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေး အရရော၊ စစ်ရေးအရရော၊ လူမှုရေးအရရော အာမခံချက် ဘာမှ မရနိုင်ဘူး။ အဲဒီတော့ အာမခံချက် မရဘူးဆိုတော့ ကျနော်တို့ ရည်ရွယ်ထားတဲ့အဆင့် အနေအထားကို မရောက်ဘူး ပေါ့။ အဲသလို အနေအထားမျိုးမှာ လက်မှတ်ထိုးမလား၊ မထိုးဘူးလားပေါ့လေ ဒါက ဒီမှာ တိုင်ပင်ကြမှာပါ။” သမ္မတနဲ့တွေ့တဲ့ခရီးစဉ်မှာ ကာချုပ်နဲ့ တွေ့ခွင့်မရတဲ့ အခင်းအကျင်းကရော ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာ သိပါရစေခင်ဗျ။ “ဒါလည်း သက်ရောက်မှုရှိပါတယ်။ အမှန်ကတော့ ရည်ရွယ်ထားတာက သမ္မတရော၊ ကာချုပ်နဲ့ပါ တွေ့ဖို့ပေါ့။ အခုကတော့ ကာချုပ်မပါဘူးဆိုတော့ စစ်ရေးဘက်မှာ ဘာမှ ဟိုဥစ္စာပေါ့ တိကျတဲ့အဖြေ မရဘူးပေါ့ဗျာ။ အဲဒီသဘောတော့ရှိပါတယ်။” လက်ရှိ အစိုးရက ပြောထားတဲ့ Open Book အချင်းအကျင်းကရော ဒီဆွေးနွေးပွဲပြီးသွားရင် ဘယ်လိုအနေအထားတွေ ရှိနိုင်မလဲ။ “အမှန်ကတော့ အဲဒီ Open Book (အားလုံးတချိန်တည်း တပြိုင်တည်း လက်မှတ်ရေးထိုး ကြခြင်းမဟုတ်ဘဲ လက်မှတ်ရေးထိုးလိုသည့်အဖွဲ့က တဖွဲ့ချင်းစီရေးထိုးနိုင်ရန် စီစဉ်ထားခြင်း) ဆိုတဲ့ပုံစံကို ကျနော်တို့က မကြိုက်ဘူးဗျ။ ကျနော်တို့ကတော့ အန်စီစီတီနဲ့ဆွေးနွေးနေတာကို တနှစ်နဲ့ ငါးလကြာတယ်နော်။ အခု အက်စ်ဒီနဲ့ဆွေးနွေးတယ်။ ကျနော်တို့ အစုအဖွဲ့နဲ့ ဆွေးနွေးနေတာပဲ။ အဲဒီတော့ လက်မှတ်ထိုးရင်လည်း အစုအဖွဲ့နဲ့ ဖြစ်ဖို့သင့်တာပေါ့ဗျာ။ လက်မှတ်ထိုးတဲ့အခါကျတော့ တဖွဲ့စီ၊ တဖွဲ့စီလုပ်လိုက်တယ်ဆိုတော့ ဒါကတော့ ကျနော်တို့ အနေနဲ့ ဒါက မသင့်တော်ဘူးလို့ ကျနော်မြင်တယ်ဗျ။” တချို့အဖွဲ့အစည်းတွေကလည်း ဒီ Open Book အပေါ်မှာ လက်ခံပြီးတော့ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ အခင်းအကျင်းလေးတွေ တွေ့ရတယ်။ အဲဒီပေါ်မှာ ဘာများ သုံးသပ်ချင်ပါသလဲ။ “ဒီမှာတော့ ပြန်သုံးသပ်ကြမှာပါ။ အဲလိုလုပ်ရင် ဘယ်လိုအကျိုးရှိမလဲ။ ဘယ်လို နစ်နာမှု ရှိနိုင်မလဲဆိုတဲ့ဟာကိုပါ ကျနော်တို့က ၀ိုင်းသုံးသပ်ပြီးတော့ပေါ့လေ။ အမှန်တော့ အားလုံး အတူတူ ရပ်တည်ကြမှ၊ အားလုံးအတူတူ လုပ်ဆောင်ကြမှ ဒါမှ ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်တော့ အဲလိုမြင်ပါတယ်။” ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲဟာ  တိုင်းရင်းသားတွေအတွက် ဘယ်လောက်အရေးကြီးတဲ့ပွဲလဲ သိပါရစေခင်ဗျ။ “တော်တော်လေး အရေးကြီးပါတယ်။ အစိုးရဘက်ကတော့ ကနေ့ဆိုရင် တဖွဲ့ချင်းဆီကို ခေါ်နေပြီဗျာ နော်၊ အဲဒီတော့ ကျနော်တို့ကတော့ စုစုစည်းစည်းနဲ့ ရပ်တည်နိုင်ရင်တော့ ကျနော်တို့အတွက်က အလားအလာ အကောင်းဆုံးပဲ။ ကျနော်တို့နိုင်ငံရဲ့ ရေရှည်အတွက်လည်း အလားအလာအကောင်းဆုံးပဲလို့ မြင်ပါတယ်။” အန်ကယ် ဘာမှားဖြည့်စွက်ပြောစရာကျန်သေးလဲ။ “အထူးတော့ များများစားစားတော့ မရှိဘူး။ ကျနော်တို့ ဘက်က လိုလားတာကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဒီကနေ့ ကျနော်တို့ ကြိုးစားနေတယ်။ အစိုးရ ဘက်ကရော၊ ကျနော်တို့ဘက်ကရောပေါ့နော်။ အခုလက်မှတ်ထိုးတဲ့အခါကျတော့ ဒီ တဖွဲ့ချင်းစီ၊ ဒီ open book ပုံစံမျိုးနဲ့ကတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။ အားလုံးပါဝင်နိုင်ရေးကို တဖက်က ကြိုးစားလိုက်ရင် ဒါကတော့ နစ်နာစရာမရှိဘူးဗျ ကျနော်တို့နိုင်ငံအတွက်က တချက်တည်းနဲ့ ဒါ အေးချမ်းသွားမယ်ပေါ့ဗျာ။ ပြဿ နာ ပြေလည်သွားမယ်။ တကယ်လို့ တချို့တချို့ကို ချန်ထားရင် ကျန်နေတဲ့မီးကြွင်းမီးကျန်တွေက အိမ်ကို ကူးသွားနိုင်တယ်၊ ရွာကိုလည်း ကူးသွားနိုင်တယ်၊ ဒါ ကျယ်ပြန့်လာလိမ့်မယ်။ ဒါကြောင့်ပေါ့ဗျ။ ဒါကတော့ သဘောထားကြီးကြီးနဲ့ ပေါ့ဗျာ လုပ်မယ်ဆိုရင်လည်း အားလုံးတခါတည်း အားလုံးပါဝင်ရေးကတော့ အကောင်းဆုံးပဲ။ ဒီအတွက်ကိုလည်း ကျနော်တို့ကလည်း ကြိုးစားမယ်၊ ပတ်ဝန်းကျင်ကလည်း တွန်းအားပေး စေချင်တယ်လို့ ကျနော်က ပြောချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024