ရွှေ့ပြောင်းဒုက္ခသည် ၁၀၀၀ ကျော် ဆားဘီးယားမှ ခရိုအေးရှားကို ဖြတ်သန်းဝင်ရောက်

ဓာတ်ပုံ - ရိုက်တာ
ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည် အယောက် ၁၀၀၀ ကျော်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က ဆားဘီးယားနိုင်ငံထဲကနေ ခရိုအေးရှားနိုင်ငံထဲကို ဖြတ်သန်း ဝင်ရောက်ခဲ့ကြပါတယ်။ အနောက်ဥရောပဆီ သွားတဲ့ ခရီးစဉ်အတွင်း မိုးလေဝသ အခြေအနေ ဆိုးနေလို့ လူအများအပြားက ပလတ်စတစ် မိုးကာတွေ ဝတ်ထားပြီး ရွှံ့ထူတဲ့ နယ်စပ်ဖြတ်ကူးရာ နေရာဆီ လမ်းလျှောက်ခဲ့ရတာပါ။ တချို့ မိသားစုတွေကတော့ ကလေးငယ်တွေကို လက်တွန်းလှည်းနဲ့ တွန်းလာခဲ့ရပါတယ်။ ခရိုအေးရှား အစိုးရကတော့ နိုင်ငံတွင်း လူတွေ စီးဝင်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့ပြီး နယ်စပ်ကို တကြိမ်ဖြတ်ဖို့ လူအုပ်စုငယ်တွေကို ခွင့်ပြု ပေးနေပါတယ်။ ခရိုအေးရှားဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန်ဂေရီနယ်စပ် ပို့ပေးနေပြီး လူတွေ စုပြုံ ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရဆဲပါ။ ၁ ရက်ကို လူအယောက် ၅၀၀၀ ထိ ထိန်းချုပ်နိုင်ပြီး ဒီ့ထက်ပို မကိုင်တွယ်နိုင်ဘူးလို့ ပြောထားပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်ကနေ ထွက်ပြေးလာသူ အများအပြားပါတဲ့ လူအယောက် ၆ သောင်းလောက်ဟာ အရင်သီတင်းပတ်က ခရိုအေးရှားနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်း ရာသီဥတု အခြေအနေ မဆိုးရွားခင် ခရီးကို တွင်အောင် သွားဖို့ ကြိုးစားခဲ့ကြတာပါ။ ရာသီဥတု ဆိုးရွားမှုတွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ပဋိပက္ခတွေကနေ ဥရောပဆီ ထွက်ပြေးနေကျ လမ်းကြောင်းပေါ်က အေးဂျီယန် (Aegean) နဲ့ မြေထဲပင်လယ်တွေကို လှေတွေနဲ့ ဖြတ်ကျော်တဲ့အခါ ဘေးအန္တရာယ် ပိုတိုးနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up