ဆွစ်ဇာလန်တွင် ဒီဇယ်အင်ဂျင်တပ် ဗောက်စ်ဝက်ဂွန် ကားများ ရောင်းချမှု ယာယီပိတ်ပင်

ဒီဇယ်အင်ဂျင်တပ် ဗောက်စ်ဝက်ဂွန် (Volkswagen) ကားတွေ ဆွစ်ဇာလန်နိုင်ငံမှာ ရောင်းချမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်ပင်ထားလိုက်ပါတယ်။
၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ကားမီးခိုးမှာ ကာဗွန်ပါဝင်နှုန်း အမှန်မပြတဲ့ပစ္စည်း တပ်ဆင်ထားနိုင်တဲ့ ကားတွေကို မရောင်းဝယ်ဖို့ ပိတ်ပင်ထားလိုက်တာပါ။
မှတ်ပုံမတင်ရသေးတဲ့ ကားအသစ် ၁ သိန်း ၈ သောင်းကို ထိခိုက်နိုင်ပြီး ရောင်းချပြီး သွားလာနေတဲ့ ဗောက်စ်ဝက်ဂွန် ကားတွေတော့ မပါဝင်ပါဘူး။
ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး အမေရိကန်က ဗောက်စ်ဝက်ဂွန် ဒီဇယ်ကားတွေမှာ ကာဗွန်ထုတ်လွှတ်မှု အမှန်မပြတဲ့ ပစ္စည်းထည့်ထားတယ် ဆိုတာကို ကုမ္ပဏီကလည်း ၀န်ခံထားပါတယ်။
ဗောက်စ်ဝက်ဂွန်ကုမ္ပဏီကို စက်တင်ဘာ ၂၃ ရက်နေ့က နုတ်ထွက်သွားတဲ့ စီအီးအိုဟောင်းရဲ့ နေရာမှာ အရင် ပေါ်ရှေး (Porsche) ကားကုမ္ပဏီ စီအီးအိုက ဆက်တာဝန်ယူမှာ ဖြစ်ပါတယ်။
စီအီးအိုသစ် Matthias Mueller ကတော့ ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီရဲ့ သိက္ခာကို ပြန်ဆယ်ဖို့ဟာ လောလောဆယ် သူ့ရဲ့ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။