ၾသစေၾတးလ် အပန်းဖြေစခန်းတွင် တွင်းကြီးတခု ပေါ်လာပြီး လူများ တဲများ နစ်မြုပ် (ရုပ်သံ)

8.7K
သြစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ်ထဲက အပန်းဖြေစခန်းတွေ စတည်းချရာ လူကြိုက်များတဲ့ Rainbow Beach မှာ ဘောလုံးကွင်း တကွင်းစာလောက် မြိုတွင်းကြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ညက ပေါ်လာခဲ့လို့ လူတွေနဲ့ စခန်းတဲတွေ နစ်မြုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒေသခံ သတင်းဌာနတခုက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ အခြေအနေ ပြင်းအားကို မြင်ရပါတယ်။
လူအယောက် ၁၄၀ ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရပြီး မြိုတွင်းထဲကို ကားတစီး၊ လူနေအိမ် နောက်တွဲပါတဲ့ ကားတစီး၊ ထရော်လီ ကားတစီးနဲ့ ယာယီတဲတွေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
မြိုတွင်းဟာ ပေ ၄၅၀ ကျော်ကျယ်ပြီး ၉ ပေကျော် နက်တယ်လို့ ကွင်းစ်လန်ပန်းခြံနဲ့ သားရိုင်းတိရစ္ဆာန် ဝန်ဆောင်မှုအသင်း (QPWS) က ပြောပါတယ်။
ရဲနဲ့ အရေးပေါ်အဖွဲ့ဝင်တွေ အမြန်ရောက်လာပြီး မြင်သမျှ အမြန်ချက်ချင်း ကူညီနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အခင်းဖြစ်ရာနေရာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပိုပေးနိုင်ဖို့ ဘူမိနည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေကို ချဉ်းကပ် အကူအညီတောင်းသွားမယ်၊ အခြေအနေကို စောင့်ကြည့်နေတယ်လို့ QPWS က ပြောခဲ့ပါတယ်။