သတင်းယူနေသည့် သတင်းထောက် ကင်မရာကို အစ္စရေးစစ်သား ၁ ဦး ရိုက်ခွဲ (ရုပ်သံ)

4.3K
အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်းလူငယ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်နေပုံကို ရိုက်ကူး သတင်းယူနေတဲ့ သတင်းထောက် ၁ ဦးနဲ့ အစ္စရေး စစ်သားတစု အငြင်းအခုန်ဖြစ်ပြီး သတင်းထောက်ရဲ့ ကင်မရာကို ရိုက်ခွဲခဲ့တဲ့အတွက် အစ္စရေးစစ်သားတွေရဲ့ တာဝန်ခံ အရာရှိကို ရာထူးက ရပ်ဆိုင်းလိုက်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အစ္စရေးစစ်သားတွေက သတင်းထောက်ရဲ့ ကင်မရာကို ရိုက်ခွဲနေပုံ ရုပ်သံကို ပါလက်စတိုင်း လူမျိုးများကွန်ရက် မီဒီယာက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်လွှင့် ပြသခဲ့တာပါ။
အရင် သီတင်းပတ်က ဂျူးအခြေချ နေထိုင်သူတွေရဲ့ ရပ်ကွက်နားကို ဦးတည်လာတဲ့ ကားတစီးကို ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်ပေါက်အပြီး အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း လူမျိုး ၁ ဦးရဲ့ ဈာပနမှာ ခုလို ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပါ။
အစ္စရေးစစ်တပ်က စစ်သားအုပ်စုရဲ့ တာဝန်ခံအရာရှိကို အရေးမယူခင်မှာ ကင်မရာ ရိုက်ခွဲ ငြင်းခုံတဲ့ကိစ္စအတွက် သတင်းထောက်တွေကို ခန့်ထားတဲ့ အေအက်ဖ်ပီ သတင်းဌာနက တရားဝင် တိုင်ကြား ကန့်ကွက်ခဲ့ပါတယ်။
သိမ်းပိုက်ခံ ဂျေရုဆလင် အရှေ့ပိုင်းနဲ့ အနောက်ဘက်ကမ်းပါးတို့မှာ ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ မြင့်လာတာပါ။
ပါလက်စတိုင်းတွေက ဓာတ်ဆီပုလင်း ဗုံးတွေ၊ ကျောက်ခဲနဲ့ ပစ်တာတွေ တိုးလာအပြီး အစ္စရေးအစိုးရက ကျူးလွန်သူတွေအပေါ် နှိမ်နင်းမှုတွေ တင်းကျပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။