ထိုင်းနာမည်ကြီး ရေပေါ်ဈေး ပိုးစုန်းကြူးကြည့်ခရီးစဉ် စက်လှေမှောက် (ရုပ်သံ)

ထိုင်းနိုင်ငံ အမ်ဖ၀ါ စမွတ်ဆခွန်ခရိုင်က နာမည်ကျော် ရေပေါ်ဈေးအနီးမှာ စက်တင်ဘာ ၂၅ ရက်နေ့က မတော်တဆ လှေမှောက်ပြီး ဟန်ဂေရီ နိုင်ငံသားတဦး သေဆုံးသွားတယ်လို့ ထိုင်းမီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ညအချိန် ပိုးစုန်းကြူးကြည့် ခရီးစဉ်လို့ အမည်ပေးထားတဲ့ လှေစီး လည်ပတ်ချိန်အတွင်းမှာ တောင်ကိုရီးယားလူမျိုး ၂၁ ဦးနဲ့ ဟန်ဂေရီလူမျိုး ၂ ဦးကို တင်ဆောင်ထားတဲ့ ချိုကျိုထင် အမည်ရှိ ကမ္ဘာလှည့်ခရီးသွား အပျော်စီးလှေဟာ တခြားနောက်မြီးရှည် လှေတစီးနဲ့ တိုက်မိခဲ့တာပါ။ အသက် ၆၀ အရွယ် ဟန်ဂေရီ အမျိုးသမီးကြီးဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးသွားတာဖြစ်ပြီး တခြား လူ ၄ ဦးလည်း ဒဏ်ရာ အပြင်းအထန်ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ခန့်မှန်းတာကတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ပိုးစုန်းကြူးတွေ မြင်ရအောင် လှေပေါ်က မီးတွေကို ပိတ်ထားတာဖြစ်နိုင်ပြီး အဲဒီကမ္ဘာလှည့်ခရီးသည်လှေကို မမြင်ရလို့ နောက်မြီးရှည်လှေက ၀င်တိုက်မိတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။ အနီးအနားက တခြား ကမ္ဘာလှည့်ခရီးသည်တင်လှေတွေလည်း အမြန်ရောက်လာပြီး ကူညီပေးကြပါတယ်။ အမ်ဖ၀ါနယ်မြေဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေပေါ်ဈေးဖြစ်ပြီးတော့ ဘန်ကောက်ကနေ ကီလိုမီတာ ၅၀ အကွာမှာ ရှိပါတယ်။ ပိုးစုန်းကြူးကြည့် ခရီးစဉ်ဟာ အဲဒီရေပေါ်ဈေးရဲ့ စိတ်ဝင်စားစရာ လည်ပတ်ရာနေရာတခုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up