ဘန်ကောက်ဗုံး ခွဲသူဖြစ်ကြောင်း သံသယဖြင့် ပထမဆုံး ဖမ်းမိသူ ၀န်ခံ

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး သံသယနဲ့ ပထမဆုံး ဖမ်းဆီးထားသူဟာ စောင့်ကြည့်လုံခြုံရေး ကင်မရာမှာ အ၀ါရောင်ဝတ်စုံ ၀တ်ဆင်ပြီး ဗုံးချခဲ့သူဖြစ်ကြောင်း ၀န်ခံတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာ ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရ ပရာယွတ် သာဝေါဆီရီက သံသယနဲ့ ပထမဆုံး ဖမ်းဆီးထားတဲ့ နိုင်ငံသား မသိရသေးတဲ့ အက်ဒမ် ကာရာဒက်က ဗုံးခွဲသူဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်တွေအရ သိရတယ်လို့ ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။
"စီစီတီဗွီ ရုပ်သံ မျက်မြင်သက်သေနဲ့ ကိုယ်တိုင် ၀န်ခံချက်အရ အ၀ါရောင် ၀တ်ဆင်ထားတာဟာ အက်ဒမ်ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဗုံးခွဲပြီးတဲ့နောက် ဆိုင်ကယ် တက္ကစီသမားတဦးကို ခေါ်ပြီး လုံမနီပန်းခြံက အိမ်သာမှာ အ၀တ်လဲခဲ့တာ”လို့ သူက ပြောပါတယ်။
ကာရာဒက်ရဲ့ ရှေ့နေကိုတော့ တစုံတရာမှတ်ချက်ပေးပြောဆိုဖို့အတွက် ဆက်သွယ်မရခဲ့ဘူးလို့ ဘန်ကောက်ပိုစ်က ရေးပါတယ်။
လက်ရှိအချိန်အထိ သံသယရှိသူကို သတ်ဖြတ်ဖို့ ကြိုတင်ကြံစည်မှု အပါအ၀င် စွဲချက် ၈ ခုနဲ့ စွဲဆိုထားပါတယ်။
သြဂုတ် ၁၇ ရက် ပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီးနောက်ပိုင်း အဓိက သံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အရင်လက ဘန်ကောက် ဆင်ခြေဖုံးတခု တိုက်ခန်းမှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ တူရကီ နိုင်ငံကူး လက်မှတ် အတုတွေနဲ့ ကာရက်ဒက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နောက်တဦးကတော့ တရုတ်နိုင်ငံကူးလက်မှတ် အစစ်လို့ ရဲတွေက ယူဆပြီး ဖမ်းဆီးထားတဲ့ ယူဆူဖု မီယာလီဖြစ်ပါတယ်။
ကာရာဒက်ရဲ့ ရှေ့နေကတော့ သူရဲ့ အမှုသည်ဟု ၂၀၀၄ ခုနှစ် တူရကီကို ပြောင်းသွားပြီး တူရကီနိုင်ငံသားအဖြစ် ခံယူကာ ကားဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်တယ်လို့ ပြောပါတယ်။
ဧရာဝဏ် နတ်ကွန်းဗုံးပေါက်ကွဲပြီး ၄ ရက်မြောက်တဲ့ သြဂုတ် ၂၁ ရက်မှာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ထိုင်းကို ရောက်လာတာလို့ ရှေ့နေက ပြောပါတယ်။