A d v e r t i s e m e n t With Us

ရန်ကုန်တွင် ပါတီကြီး ၂ ခု အပြိုင်အဆိုင် မဲဆွယ်နေကြ

ရန်ကုန်တိုင်းအတွင်း ပါတီကြီး ၂ ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တို့ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးနေကြပြီး ပါတီငယ်တွေက ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တာ သိပ်မတွေ့ရဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးသာဝင်းက သူတို့ပါတီ ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် မဲဆွယ်ကြတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဆင့်ဆင့်ကနေ ချထားတဲ့ မူဘောင်ပေါ်ပေါ်မှာ အခြေခံပြီးတော့မှ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်နိုင်တဲ့ရက်မှာ လုပ်နိုင်တဲ့ဟာပေါ့၊ တချို့မြို့နယ်က ဥပမာ ဒီနေ့ လှည့်လည်နိုင်တဲ့ အနေအထားရှိတယ်၊ ဒါပေမယ့် တချို့မြို့နယ်က မလုပ်နိုင်ဘူး၊ ဗီနိုင်း ထောင်တယ်ပေါ့၊ စသဖြင့် မတူတာတော့ ရှိတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ မူအတိုင်း သူတို့ လုပ်နေကြတာပေါ့။” စနေပိတ်ရက် ဒီနေ့မှာ ရန်ကုန်တိုင်းကျောက်တန်းကနေ ၀င်ပြိုင်မယ့် မွေးရေ၀န်ကြီး ဦးအုန်းမြင့်နဲ့ ကော့မှူးအမျိုးသားလွှတ်တော်မှာ ၀င်ပြိုင်မယ့် ဦးခင်ရွှေတို့ မဲဆွယ်စည်းရုံးနေကြပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေလည်း ရန်ကုန်၊ ဒေါပုံမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးနေကြတယ်လို့ ဒီဗီဘီသတင်းထောက် ကိုကျော်ဇေဖျာဝင်းက ပြောပါတယ်။ 12027507_10204686813602162_6270485123511568038_n“ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမှာ မဲလိုက်ဆွယ်တာ ၁၈ ရက်မြောက်လို့ ပြောတယ်။ အဲ့ဒီမှာ အန်အယ်လ်ဒီရဲ့ ဒေါပုံမြို့နယ်၊ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ကိုပြုံးချို၊ ဦးသိန်းစိုး၊ ကိုဟိန်းစိုး၊ ဦးသန့်ဇင်တို့ လေးယောက်အတွက် ရန်ကုန်တိုင်း အောင်နိုင်ရေးအဖွဲ့ကနေ မဲလိုက်ဆွယ်ပေးတာ။” ဖျော်ဖြေရေးကားတွေနဲ့ မဲလိုက်ဆွယ်ကြတာဖြစ်တယ်၊ ဦးသိန်းညွန့်နဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ကိုယ်စားလှယ်တို့  မဲဆွယ်နေတာ တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒေသခံတွေအနေနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အပေါ် စိတ်ဝင်တ စားစောင့်ကြည့်ကြပြီး ကိုယ်စားလှယ်လောင်းတွေထံကနေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ဆောင်ပေးဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူ ကိုကျော်ဝဏ္ဏကတော့ သူတို့မြို့နယ်ထဲမှာ ပါတီကြီးတွေပဲ နှစ်ရက်ခြား တခါလောက် မဲလာဆွယ်တာ တွေ့ရတယ်လို့ ပြောပါတယ်။ “ပိတ်ရက်လည်း ပုံမှန်ပဲ၊ သူတို့ ကားကြီးတွေနဲ့ လျှောက်လှည့်နေတာတော့ နေ့တိုင်းလိုလိုပဲ၊ ရပ်ကွက်တွေထဲကိုတော့ နှစ်ရက်ခြားတခါလောက် ပုံမှန်ဝင်ကြတယ်။ ကျနော်တို့ လှည်းကူးမှာတော့ ပါတီကြီး ၂ ခုပဲ မဲဆွယ်တာ တွေ့ရတယ်။ ပါတီလေးတွေ မဲဆွယ်တာ မတွေ့ရဘူးခင်ဗျ။” ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းလွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေ အပါအ၀င် စုစုပေါင်း အမတ်နေရာ ၁၄၉ နေရာရှိပြီး ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီပါတီ ၂ ခုပဲ နေရာအပြည့် ၀င်ပြိုင်နိုင်ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up