မြောင်းမြ အန်အယ်လ်ဒီပါတီဝင်အချို့ အကြမ်းဖက်နှောင့်ယှက်ခံရ (ရုပ်သံ)

2.2K
မြောင်းမြမြို့နယ်အတွင်း ပါတီစည်းရုံးရေးနဲ့ မဲစာရင်းစိစစ်ရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်အချို့ အကြမ်းဖက် နှောင့်ယှက်တာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က တောင်လေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာမှာ ပါတီစည်းရုံးရေးကအပြန် လူ ၃ ဦးက အန်အယ်လ်ဒီပါတီဝင်လူငယ်တဦးရဲ့ လက်က ပါတီအလံကို ဆွဲယူဖျက်ဆီးခဲ့ပြီး လူကိုလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် မြောင်းမြပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံခဲ့ရတယ်လို့ ဖခင်ဖြစ်သူ ဦးမောင်လှဌေးက ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ကွင်ပေါက်ကြီးကျေးရွာ အန်အယ်လ်ဒီ ပါတီမဲရုံကိုယ်စားလှယ် ဦးမျိုးလွင်ကို ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူက ပြောပါတယ်။
အကြမ်းဖက်နှောင့်ယှက်ခံရတာနဲ့ပတ်သက်ပြီး ရဲစခန်းနဲ့ ကော်မရှင်တို့ကို စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက တိုင်ကြားထားတယ်လို့ မြောင်းမြမြို့နယ် အောင်နိုင်ရေးရုံးတာဝန်ခံ ဦးပြုံးက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ မြောင်းမြမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ ၆ ပါတီရှိပြီး လက်ရှိ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း နဲ့ ရဲချုပ်အငြိမ်းစား ယခင်လဝက ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီတို့လည်း ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။