ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်

၇ ပွဲမြောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ စက်တင်ဘာ ၂၆ ရက် ကစားတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေထဲမှာ မန်စီးတီးနဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ပွဲစဉ်ကတော့ ကြည့်ကောင်းမယ့်ပွဲတပွဲ ဖြစ်ပါတယ်။ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီး အရင်တပတ်က ၀က်ဟမ်းကို ရှုံးပြီး အထိနာခဲ့တဲ့အတွက် ဒီတပတ်မှာ နိုင်ပွဲရအောင် အားထည့်ကစားရမယ့် အနေအထားရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ဖိအားတွေရင်ဆိုင်နေရပြီး ရုန်းကန်နေရတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်၊ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား နံပါတ် ၄ နဲ့ ၅ မှာရပ်တည်နေတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲတွေကလည်း ကြည့်ကောင်းမယ့်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ မန်ယူကတော့ ဇယားအောက်ဆုံးမှာ ရပ်တည်နေရတဲ့ ဆန်းဒါးလန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ လပ်ကီး ဆဲဗင်း ပွဲစဉ်မှာ ဘယ်အသင်းတွေက ကံကောင်းမလဲ။ ဘယ်အသင်းတွေက ကံဆိုးမလဲဆိုတာကို ဘောလုံးပွဲ ကျွမ်းကျင်သူတွေရဲ့ ပွဲကြို ခန့်မှန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။ တော့တင်ဟမ်ဟော့စပါး- မန်စီးတီး ပူပူနွေးနွေး ရှုံးပွဲ ရင်ဆိုင်ထားရတဲ့ အသင်း ၂ သင်းကစားမှာ ဖြစ်ပါတယ်။ အရင်တပတ်က မန်စီးတီးအသင်း ၀က်ဟမ်းကို ရှုံးထားသလို စပါးကတော့ ကက်ပီတယ်ဝမ်းမှာ အာဆင်နယ်ကို ရှုံးထားပါတယ်။ ပရိသတ်တွေအတွက် အနိုင်ရှာပေးဖို့ ၂ သင်းလုံးက လိုအပ်နေပါတယ်။ အမှတ် ပေးဇယားမှာတော့ မန်စီးတီးက ထိပ်ဆုံးမှာ ရပ်တည်နေပြီး စပါးကတော့ နံပါတ် ၉ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် ၆ ပွဲမှာ မန်စီးတီးက ၅ ပွဲနိုင်ပြီး စပါးက ၂ ပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲမှာတော့ မန်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့ စပါးကို နိုင်ထားပါတယ်။ ဒီအချက်အလက်တွေအရဆိုရင်တော့ မန်စီးတီးက အသာစီးရနေပါတယ်။ ဘီဘီစီက ဘောလုံး ကျွမ်းကျင်သူ မတ်ခ်လော်ရင်ဆန်(လော်ရို)နဲ့ စကိုင်းစပေါ့က ပေါလ်မာဆန်ပါ မန်စီးတီးကို နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်စတာ-အာဆင်နယ် ဇယား နံပါတ် ၄ နဲ့ ၅ မှာ ရပ်တည်နေတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ စတုတ်နဲ့ လက်စတာ သရေကျထားသလို အာဆင်နယ်ကတော့ ချဲလ်ဆီးကို ရှုံးထားပါတယ်။ ရှေ့တန်း ဂိုးသွင်းအားကို ယှဉ်ကြည့်မယ်ဆိုရင်တော့ လက်စတာက အာဆင်နယ်ထက်သာနေတာကို တွေ့ရပါတယ်။ ဒီ ၂ သင်းနောက်ဆုံးတွေ့ဆုံစဉ်ကတော့ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီ၂ သင်းကစားမယ့် ပွဲကခန့်မှန်းရခက်ပေမယ့် ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ အာဆင်နယ်နိုင်မယ်လို့ မှန်းပါတယ်။ လီဗာပူး-အက်စ်တွန်ဗီလာ ၆ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲရှုံး ၂ ပွဲသရေကျထားတဲ့ လီဗာပူးနဲ့ ၆ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးထားတဲ့ ဗီလာတို့ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူးလ်က သရေကျထားပြီး ဗီလာက ရှုံးထားပါတယ်။ ပရီးမီးယားလိဂ် ဂရပ်ဖ် အရ ဗီလာကတော့ တောက်လျှောက် အကျပိုင်းကို ဦးတည်နေသလို လီဗာပူးကတော့ ခြေစွမ်း အနိမ့်အမြင့် မညီတဲ့ အခြေအနေကို ပြသထားပါတယ်။ ရလဒ်တွေအရကတော့ လီဗာပူး အသာရပေမယ့် နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဗီလာက လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ လီဗာပူးတိုက်စစ်မှူး ဘန်တက်ကီအတွက်တော့ အသင်းဟောင်းဗီလာကို ပြန်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ လီဗာပူးအနိုင်ရမယ်လို့ မှန်းပါတယ်။ မန်ယူ-ဆန်းဒါးလန်း ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ မန်ယူကို အနိုင်ရမယ်လို့ မှန်းထားပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းဟာ တက်လာသလို အသစ်ခေါ်ထားတဲ့ မာရှယ်လည်း ဂိုးပေါက်တွေ့ပြီး ဂိုးတွေ သွင်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်တပတ် ဆောက်သင်တန်နဲ့ကစားစဉ် နာရီဝက်လောက်က မန်ယူ အသင်း အသာစီးမရတဲ့ အခြေအနေကိုလည်း သူတို့က ထောက်ပြပါတယ်။ တိုက်စစ်မှူး ဂိုးသွင်းအားမှာတော့ မန်ယူက မာရှယ်က ၃ ဂိုး သွင်းယူထားပြီး ဆန်းဒါးလန်းက ဒီဖိုးက ၂ ဂိုးသွင်းယူထားပါတယ်။ ဆန်းဒါးလန်းကတော့ နိုင်ပွဲ ရရှိထားခြင်း မရှိသေးပါဘူး။ ဒီ ၂ သင်း နောက်ဆုံး တွေ့ဆုံစဉ်က မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဆောက်သမ်တန်-ဆွမ်ဆီး ၂ သင်းလုံးက ရှေ့တန်းတိုက်စစ်မှူးတွေ ၄ ဂိုးစီသွင်းထားပြီး ဂိုးသွင်းအားတူတဲ့ အသင်း ၂ သင်းတွေ့ဆုံကြတဲ့ ပွဲ ဖြစ်ပါတယ်။ ၂ သင်းစလုံးမန်ယူနဲ့ ကစားခဲ့ဖူးပါတယ်။ ဆွမ်ဆီးက မန်ယူကို နိုင်ပေမယ့် ဆောက်သမ်တန်က မန်ယူကိုရှုံးထားပါတယ်။ အမှတ်ပေးဇယားမှာတော့ ဆွမ်ဆီးက နံပါတ် ၇ နဲ့ ဆောက်သမ်တန်ကတော့ ၁၆ မှာ ရပ်တည်နေပါတယ်။ ဒီ ၂ သင်းနောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆွမ်ဆီးက ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လော်ရိုရော မာဆန်ပါ ဆောက်သမ်တန်ကို ရွေးထားပါတယ်။ စတုတ်-ဘုန်းမောက် တန်းတက်ပြီး အစောပိုင်း ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်နဲ့ စတုတ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့ ဘုန်းမောက်က ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားသလို စတုတ်က လက်စတာနဲ့ သရေကျထားပါတယ်။ ဘုန်းမောက်ရဲ့ ခြေက တက်လာပြီး နိုင်ပွဲ ၂ ပွဲရထားသလို စတုတ်ကတော့ ခြေစွမ်းကျနေပြီး နိုင်ပွဲတပွဲမှ မရသေးပါဘူး။ အချက်အလက်တွေ အရ ဘုန်းမောက်က သာနေပေမယ့် စတုတ်ကို ပိုကြိုက်တွေ့တယ်လို့ လော်ရိုရော မာဆန်ပါ ဆိုပါတယ်။ ၀က်စ်ဟမ်း-နောဝှစ်ခ်ျ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို တန်ပြန်တိုက်စစ်ကနေတဆင့် အနိုင်ကစားထားတဲ့ ၀က်စ်ဟမ်းနဲ့ လီဗာပူးကို သရေကျအောင် ကစားထားတဲ့ နောဝှစ်ခ်ျတို့ ပွဲစဉ်ကလည်း ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်မှာပါ။ ၀က်စ်ဟမ်းရဲ့ ခြေစွမ်းက တက်လာသလို ဇယားမှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ၀က်စ်ဟမ်းက ၆ ပွဲမှာ ၄ ပွဲ အနိုင်ရထားပါတယ်။ နောဝှစ်ခ်ျကတော့ ၆ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး ၂ပွဲသရေကျထားပါတယ်။ မာဆန်ကတော့ ၀က်စ်ဟမ်းကို ရွေးထားပေမယ့် လော်ရိုကတော့ သရေကျမယ်လို့ မှန်းပါတယ်။ နယူးကာဆယ်-ချဲလ်ဆီး ၆ ပွဲကစားခဲ့ပေမယ့် နယူးကာဆယ်တို့ နိုင်ပွဲတပွဲမှ ရှာမတွေ့သေးပဲ ၄ ပွဲရှုံးပြီး ၂ ပွဲသရေကျတဲ့ အတွက် နည်းပြ မက္ကလာရင်က ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရှုံးပွဲတွေကြောင့် ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ နောက်ပိုင်းမှာ ခြေတက်ပြီး ယုံကြည်မှုတွေရှိလာပါတယ်။ စိတ်ပိုင်းဆိုင်ရာအရတော့ ချဲလ်ဆီးအသင်းက အသာရနေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ချဲလ်ဆီးက နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လော်ရိုရော မာဆန်ပါ ချဲလ်ဆီးကို ရွေးထားရင် အိမ်မက်လှလှမက်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up